Zoom အသုံးပြုသူ အများအပြား ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

Zoom ဟာ နာမည်ကျော် video conferencing tool တွေထဲက တစ်ခုဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ Zoom မှာ ပြဿနာတွေနဲ့ အားနည်းချက်တွေ ရှိတာကြောင့် သုံးစွဲသူအများအပြားကို စိတ်ပျက်စေပါတယ်။ ဒါပေမဲ့ Zoom ပေါ်က ပြဿနာအများစုက မိနစ်အနည်းငယ်အတွင်း ဖြေရှင်းနိုင်ပါတယ်။

ဒါကြောင့် အခုဆောင်းပါးမှာ Zoom ပေါ်မှာ လူအများအပြား ကြုံတွေ့ရတဲ့ ပြဿနာတွေကို စုစည်းထားပြီး ဘယ်လိုဖြေရှင်းနိုင်လဲဆိုတဲ့ ညွှန်ကြားချက်တွေလည်း ဖော်ပြပေးထားပါတယ်။

ကင်မရာနဲ့ အသံပိုင်းဆိုင်ရာ အလုပ်မလုပ်ခြင်း

Zoom ကိုအသုံးပြုတဲ့အခါ အစည်းအဝေးမစခင် log in လိုက်တဲ့အခါ ထွက်လာတဲ့ window ကိုပိတ်မိတဲ့အခါမှာ အသံမကြားရတာနဲ့ ရုပ်မမြင်ရတာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခေါက်မဖြစ်ခင်မှာ “Join with Computer audio” ဆိုတဲ့ခလုတ်ကို နှိပ်ဖို့ လိုပါတယ်။ သုံးစွဲသူက အစည်းအဝေး ပြုလုပ်နေစဉ်မှာ မျက်နှာပြင်ဘယ်ဘက် အောက်ခြေက “Join audo” ကိုရွေးချယ်နိုင်ပါသေးတယ်။

ကင်မရာမှာ ရုပ်မမြင်ရတဲ့အခါမှာ taskbar ပေါ်က ကင်မရာ icon ကိုနှိပ်ရပါမယ်။ တကယ်လို့ error message တစ်ခု ပေါ်လာရင်တော့ PC ရဲ့ settings မှာပြဿနာရှိနေတာ ဖြစ်ပါမယ်။ Windows 10 ပေါ်က Zoom ပြဿနာကို ဖြေရှင်းမယ်ဆိုရင်တော့ Camera settings သွားပြီး “Allow apps to access your camera” ဆိုတာကို ဖွင့်ပေးရပါမယ်။

Zoombombing

Zoom ကိုအသုံးပြုတဲ့အခါ မမျှော်လင့်တဲ့သူ လာရောက်လည်ပတ်တာနဲ့ ကြုံတွေ့လေ့ရှိပါတယ်။ Zoom မှာ လုံခြုံရေးပြဿနာရှိပြီး မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒီပြဿနာကို Zoombombing လို့ခေါ်ပါတယ်။

အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအနည်းငယ်ရှိပါတယ်။ ပထမနည်းလမ်းကတော့ Zoom app ကို နောက်ဆုံးဗားရှင်းအထိ update လုပ်ဖို့ လိုပါတယ်။ Zoombombing ကိုတားဆီးဖို့ လုံခြုံရေးနည်းလမ်းတွေကို Zoom ကပြုလုပ်ပေးခဲ့ပါတယ်။ Zoom meeting ရဲ့ ID အတွက် password ကိုထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် အစည်းအ‌ဝေးတက်ရောက်သူတွေကို တစ်နေရာမှာ စောင့်ဆိုင်းခိုင်းထားပြီး host က အစည်းအဝေးအစမှာ ပေးဝင်တာမျိုးလည်း လုပ်နိုင်ပါတယ်။

လုပ်ဆောင်ချက်တွေ မစုံလင်ခြင်း

Zoom ကို browser တွေမှာ အသုံးပြုနိုင်ပေမယ့် app တွေနဲ့ နှိုင်းယှဉ်ရင် browser မှာ လုပ်ဆောင်ချက်တွေ အကန့်အသတ်ရှိပါတယ်။ Zoom ကို Browser မှာအသုံးပြုတဲ့အခါ ချိတ်ဆက်ဖို့ အချိန်ကြာမြင့်ပြီး အထိုင်မချနိုင်ပါဘူး။ ဒါကြောင့် Zoom ရဲ့ feature အားလုံးအသုံးပြုနိုင်ဖို့ မိုဘိုင်း app ကို download လုပ်ထားသင့်ပါတယ်။

နောက်ခံဆူညံသံ

Zoom ကိုအသုံးပြုတဲ့အခါ ပါဝင်ပူးပေါင်းသူတွေက မိုက်ကို မပိတ်ထားတဲ့အတွက် နောက်ခံဆူညံသံတွေ ထွက်ပေါ်နေပါလိမ့်မယ့် ။ အစည်းအဝေးမှာ ပါဝင်သူတွေ မိုက်ကို ပိတ်ထားလိုက်ရင် ပြဿနာပြေလည်သွားပါမယ်။

အစည်းအဝေးအတွင်းမှာ လူတစ်ယောက်က စကားပြောတဲ့အချိန်ကျမှပဲ မိုက်ဖွင့်ရမှာ ဖြစ်ပါတယ်။

အခုပြဿနာကို ဖြေရှင်းဖို့ host ကအစည်းအဝေးမှာ ပါဝင်သူအားလုံးရဲ့ အသံကို ပိတ်နိုင်ပါသေးတယ်။ အဲဒီလုပ်ဆောင်ချက်ကို taskbar အတွင်းက “Participants” ခလုတ်ကိုနှိပ်ပြီး “More” ကိုရွေးချယ်ပြီး “Mute Participants on Entry” ကိုနှိပ်ပေးရပါမယ်။

Activation အီးမေးလ်မရောက်ခြင်း

Zoom account ကို activate ကိုလုပ်ဖို့ အီးမေးလ်မရောက်သေးရင် စိတ်မပူပါနဲ့။ အဲဒီ activation အီးမေးလ်တွေက စက္ကန့်အနည်းငယ်အတွင်း ပို့ပေးတာဖြစ်ပြီး တချို့အီးမေးလ်တွေက inbox ထဲရောက်ဖို့ နာရီဝက်လောက်ကြာတတ်ပါတယ်။

ကုမ္ပဏီက စီမံတဲ့ Zoom account မှာ နာရီဝက်ကြာပြီးတဲ့အထိ activaition အီးမေးလ်မရရင်တော့ administrator က 198.2.179.123, 198.2.179.168, 198.2.179.86 ဆိုတဲ့ IP လိပ်စာတွေနဲ့ [email protected] ဆီ whitelist လုပ်ပေးရပါမယ်။ ဒါ့အပြင် Zoom အီးမေးလ်တွေ spam folder ထဲရောက်နေတာလည်း ဖြစ်နိုင်တာကြောင့် စစ်ဆေးကြည့်သင့်ပါတယ်။

မိနစ် ၄၀ ကန့်သတ်ထားခြင်း

Zoom ကို အခမဲ့အသုံးပြုရင် အစည်းအဝေးတစ်ခုကို မိနစ် ၄၀ ပဲ ပြုလုပ်နိုင်ပါတယ်။ အခြားကန့်သတ်ချက် ကတော့ အစည်းအဝေးကို cloud မှာ မှတ်တမ်းမတင်နိုင်ပါဘူး။ အခမဲ့သုံးစွဲသူတွေက အစည်းအဝေးကို မှတ်တမ်းတင်ပြီး Google Drive ဒါမှမဟုတ် အခြားဝန်ဆောင်မှုတွေဆီ upload ပြန်လုပ်ပေးရပါမယ်။

Zoom ကို အခမဲ့အသုံးပြုရင် အစည်းအဝေးမှာ လူအများဆုံး ၁၀၀ အထိ ပါဝင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အစည်းအဝေးအကြိမ်ရေ၊ မိနစ်အရေအတွက်နဲ့ အခြားအချက်အလက်တွေ‌ပြသပေးတဲ့ dashboard တော့ မပါဝင်ပါဘူး။ တချို့ feature တွေအသုံးပြုနိုင်တဲ့ admin panel လည်းမပါဝင်ပါဘူး။

Zoom ကို အခကြေးပေးသွင်း အသုံးပြုမယ်ဆိုရင်တော့ တစ်လကို ၁၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

-စိုးထက်
Ref: AndroidAuthority