Zombie Army 4: Dead War

အပစ်အခတ်နဲ့တိုက်ခိုက်ရေး ဂိမ်းတွေမှ သဘောကျသူတွေအတွက် ၂၀၁၅ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ Zombie Army Trilogy ရဲ့ နောက်ဆက်တွဲဂိမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းသွားက ဒီလောက်ကြီး မထူးဆန်းပေမယ့် အခု Version မှာ ရင်ဆိုင်ဖို့ ထည့်သွင်းပေးထားတဲ့ ရန်သူတွေကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ခေတ်အနေအထားက ၁၉၄၆ ခုနှစ်၊ ဂျာမန် အဓိပတိဟစ်တလာ စစ်မရှုံးခင်တစ်နှစ်အလိုပေါ့။ ပတ်ဝန်းကျင်အနေအထား၊ မီးအလင်းအမှောင်ကအစ လက်နက်တွေ အထိအောင် ခေတ်ဟောင်းကပုံစံ ဖန်တီးထားတာ တွေ့နိုင်ပါတယ်။

သိကြတဲ့အတိုင်းနာဇီတွေအနေနဲ့ ထူးခြားတဲ့ စမ်းသပ်မှု ပေါင်းများစွာ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခေါင်းစဉ်ရဲ့အောက်မှာ အခု Zombie တွေကိုလည်း နာဇီတွေက ဖန်တီးခဲ့တယ်၊ ကစားသူက ရင်ဆိုင်အနိုင်ယူရမယ်ပေါ့၊ စိတ်ကူးယဉ် ဇာတ်လမ်းလေးဖြစ်လို့ အထက်မှာ ပြောခဲ့သလို ဇာတ်လမ်းသွားက သိပ်ပြီးမဆန်းသစ်ပါဘူး။ တစ်ဆင့်ထက်တစ်ဆင့် မြင့်လာမယ့် ရန်သူတွေကို တိုက်ခိုက် ရင်ဆိုင်ရမယ်၊ ဒါပါပဲ။

တစ်ခုရှိတာက ရှေ့ထွက် Version ထက်ပိုတဲ့ ရန်သူတွေရဲ့ပုံစံနဲ့ စွမ်းရည်ပိုင်း ဖန်တီးထားမှုတွေပါ။ အရင်ဆုံး ရင်ဆိုင်ရမယ့် Zombie တွေက ပုံမှန်သွေးဆာလို့ လမ်းလျှောက်နေတဲ့သူတွေ၊ အဲဒီကနေမှ တစ်ဆင့်မြင့်လာတဲ့ ခန္ဒာကိုယ်မှာ ဗုံးတပ်ဆင်ထားသူတွေ၊ သူတို့ကို မိမိအနားအကပ် ခံလိုက်မိပြီဆိုတာနဲ့ အကိုက်မခံရဘူးဆိုရင် တောင်ပေါက်ကွဲမှုကြောင့် မိမိအတွက်အန္တာရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗုံးကောင်တွေဆိုရင် အဝေးမှာကတည်းက ပစ်သတ်နိုင်ဖို့ လိုသလို၊ လိုအပ်ရင် ရှောင်ရှားရမှာပါ။

ကစားသူ အနေနဲ့တော့ တစ်ခန်းပြီးတစ်ခန်း ဂိမ်းစနစ်ကနေ ချပေးလာတဲ့ စခန်းသွားနဲ့ တာဝန်ကိုဆက်ကစားရပါမယ်။ ပစ်ခတ်တိုက်ခိုက်ဖို့ လက်နက်စုံပေးထားမယ်၊ သွားလာရေးအတွက် ကားတွေရှိမယ်၊ တချို့ အခန်းတွေမှာ တင့်ကားလိုယာဉ်တွေပါ ပေးထားလို့ပိုပြီး အဆင်ပြေပါတယ်။ ဒီဂိမ်းမှာ Zombie တွေနဲ့ ပတ်သက်ပြီး ထူးခြားအောင် ဖန်တီးထားတာက ပုံမှန်ဆိုရင် သွေးဆာနေတာကလွဲလို့ တခြား အသိစိတ်မရှိတဲ့ Zombie အဖြစ် အသက်ဝင်နေကြပေမယ့်အခု ဂိမ်းမှာတော့ ကိုယ်တိုင် Zombie ဖြစ်နေတဲ့ ဟစ်တလာရဲ့ စေခိုင်းမှုကို တသွေမတိမ်းလိုက်ပါ လုပ်ဆောင်တဲ့ Zombie တွေအဖြစ် မြင်ရမှာပါ။ ရလဒ်ကတော့ ရန်သူတွေက မိမိကို ကိုက်ဖြတ်ဖို့ ဆိုတာထက် သတ်ဖြတ်ဖို့ ရှိလာပါတယ်။ ကစားချိန် ပိုပြီး အာရုံများလာရတာပေါ့။

လူသား Zombie တွေအပြင် သတ္တဝါတွေကိုလည်း Zombie အဖြစ် ပြောင်းလဲ ဖန်တီး ထားတာတွေ ပါရှိပါတယ်။ ဓားလိုလက်နက်တွေ သုံးပြီး တိုက်ခိုက်လာမှုတွေလည်း ရင်ဆိုင်ရမှာပါ။ စိတ်ဝင်စားစရာပါပဲ။ သင့်အနေနဲ့ Wins စနစ် ကွန်ပျူတာတစ်လုံး ရှိနေရင်တောင် ၁၉၄၆ ခုနှစ်က Zombie တွေနဲ့ ရင်ဆိုင်ကြည့်လို့ ရနေပါပြီ။ Console တွေနဲ့ ဆိုရင်တော့ ပိုပြီးကစားလို့ ကောင်းပါတယ်။ PS4နဲ့ Xbox One တွေအတွက် အဆင်ပြေ မှာပါ။ တစ်ယောက်တည်း ကစားရမှာ ပျင်းရင်လည်း Multi အနေနဲ့ ချိတ်ကစားလို့ ရနိုင်ပါသေးတယ်။ ဒုတိယ ကမ္ဘာစစ်အဆုံးမှာ မဟာမိတ်တွေက ဟစ်တလာကို အနိုင်ရလိုက်ပါတယ်။ Zombie ဟစ်တလာကိုရော သင့်အနေနဲ့ အနိုင်ယူနိုင်ပါ့မလား။ ဖန်တီး သူတွေကတော့ဂိမ်းကို အချိန် နာရီ ၃၀ ၀န်းကျင်လောက်ပေးမှ အနိုင်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီထက် ပိုကြာနေရင်တော့ သင်ဆရာမကျသေးဘူးပေါ့။