Zenfone 4 စီးရီးစမတ်ဖုန်းများကို ပြည်တွင်းမှာ စတင်မိတ်ဆက်

ASUS မှ Zenfone 4 စီးရီးစမတ်ဖုန်းသစ်တွေကို မကြာမီ ပြည်တွင်းဈေးကွက်မှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Zenfone 4 စီးရီးမှာ Zenfone 4, Zenfone 4 Selfie/Selfie Pro, Zen 4 Max/Max Pro စတဲ့ စမတ်ဖုန်းအမျိုးအစားတွေကို ထုတ်လုပ်ထားပြီး ပြည်တွင်းဈေးကွက်မှာ ဒီဇင်ဘာလဆန်းမှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Zenfone 4 ကို 2G/3G, 4G LTE ကွန်ရက်တွေမှာ အသုံးပြုနိုင်ပြီး GSM ဆင်းမ်ကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော Dual SIM အမျိုးအစားဖြစ်ပါတယ်။ မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိပြီး Super IPS plus Display ကို အသုံးပြုထားပါတယ်။ Qualcomm SD660 Octa-core CPU ,6GB RAM နှင့် 64GB Internal Memory တွေ ပါဝင်ပါတယ်။ ကျောဘက်မှာ 12 MP (f/1.8) အမျိုးအစား Sony IMX362 sensor ကင်မရာကို ၁၂ဝ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ Wide-angle ကင်မရာနဲ့တွဲဖက်ကာ Dual ကင်မရာအနေနဲ့ တပ်ဆင်အသုံးပြု ထားပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 8MP အမျိုးအစားဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ 4-stop OIS နဲ့ 3-axis EIS နည်းပညာနှစ်မျိုး စလုံးထောက်ပံ့ပေးထားပြီး ဝ.ဝ၃ စက္ကန့်အတွင်း Focus လုပ်နိုင်တဲ့ Dual Pixel PDAF နည်းပညာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ASUS ရဲ့ကိုယ်ပိုင် နည်းပညာတစ်ခုဖြစ်တဲ့ Super Pixel အင်ဂျင်နည်းပညာလည်း ထောက်ပံ့ပါဝင်လာတယ်လို့ သိရပါတယ်။ ကိုယ်ထည်ကို သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားပြီး ဆင်းမ်ကတ်နှစ်ကတ်အပြင် MicroSD ကတ်ကို 2TB ထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်တဲ့ Triple slots ကို ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီကတော့ 3000mAh အမျိုးအစားကို အသုံးပြုထားပြီး OS ပိုင်းမှာတော့ Zen UI 4.0 ထောက်ပံ့ပါဝင်လာတဲ့အပြင် Android Oreo ထိတိုးမြှင့် အသုံးပြုနိုင်တယ် လို့သိရပါတယ်။ လက်ဗွေလုံခြုံရေးစနစ်နဲ့ အားသွင်းမြန်ဆန်တဲ့ Fast Charging နည်းပညာတွေလည်း ထောက်ပံ့ပါဝင်မှာလည်း ဖြစ်ပါတယ်။

Zenfone 4 Max ကတော့ မြင်ကွင်းအရွယ်အစား ၅.၂ လက်မရှိပြီး ကျန်မော်ဒယ်တွေကတော့ ၅.၅ လက်မအရွယ်အစား မျက်နှာပြင်ဖြစ်တယ်လို့ သိရပါတယ်။ Zenfone 4 Selfie/Selfie Pro မှာ 4GB RAM နဲ့ 64GB ၊ Zenfone 4 Max မှာ 2GB RAM နဲ့ 16GB ၊ Zenfone Max Pro မှာ 3GB RAM နဲ့ 32GB Intenal Memory တွေ ထောက်ပံ့ပါဝင်မှာ ဖြစ်ပါတယ်။ 6GB RAM ပါဝင်တဲ့ Zenfone 4 ရဲ့ တန်ဖိုးကတော့ ၆၅၈,ဝဝဝ ကျပ်၊ Zenfone 4 Selfie Pro က ၅၄၈,ဝဝဝ ကျပ်၊ Zenfone 4 Selfie က ၃၅၈,ဝဝဝ ကျပ်၊ Zenfone 4 Max Pro က ၃၁၈,ဝဝဝ ကျပ်နဲ့ Zenfone 4 Max က ၂၃၈,ဝဝဝ ကျပ်အသီးသီးဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း