YPS စနစ်အတွက် တင်ဒါအောင်မြင်သူအား ထုတ်ပြန်

အီလက်ထရောနစ် ငွေပေးချေမှုစနစ်ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ တင်ဒါခေါ်ယူခဲ့ရာမှာ တင်ဒါ အောင်မြင်သူကို ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က Yangon Payment Services တင်ဒါရွေးချယ်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်အဖြစ် ဇန်နဝါရီ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီသုံးခုထဲက Type A (Turnkey Solution) အမျိုးအစား အဆိုပြုလွှာတင်သွင်း သူ EXCEL KC MYANMAR CO.,LTD ကို YPS တင်ဒါအောင်မြင်သူအဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီအနေနဲ့ မြန်မာကျပ်ငွေ (၁၉) ဘီလီယံ တိုက်ရိုက်ရင်းနှီးမြုပ်နှံမယ်လို့ သိရပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပထမအောင်မြင်သူနဲ့ စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းအဆင်မပြောတာတွေရှိရင် ကျန်ရှိတဲ့ နှစ်ဦးထဲက တစ်ဦးဦးကို ထပ်မံရွေးချယ်မယ်လို့ သိရပါတယ်။ တင်ဒါအောင်မြင်သူအနေနဲ့ YBS ဘတ်စ်ကားတွေနဲ့ အခြားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ကတ်သုံး အီလက်ထရောနစ် ငွေပေးချေမှုစနစ် ဖြစ်ပေါ်လာရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

EXCEL KC MYANMAR ကုမ္ပဏီဟာ လက်ရှိနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ထုံးလုပ်နည်းအရ Investment Vehicle: SPE (Special Purpose Entity) အဖြစ် ဖွဲ့စည်းတည်ထောင်ပြီး ၁၀၀ ရာခိုင်နှုန်း FDI ပြုလုပ်ထားတဲ့ Consortium အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပြု လွှာတွေကို ရွေးချယ်ရာမှာ စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှု၊ နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှု၊ လုပ်ငန်းလက်တွေ့ လုပ်ကိုင်အကောင်အထည် ဖော်ဆောင်နိုင်မှုဆိုင်ရာ ယှဉ်ပြိုင်မှုဆိုပြီး ကဏ္ဍသုံးရပ်ခွဲ အမှတ်အသီး သီးပေးခဲ့တယ်လို့ သိရပါတယ်။

စိစစ်အကဲဖြတ်တဲ့ ပညာရှင်နှစ်ဖွဲ့က အမှတ်အသီးသီးပေးစေပြီး အုပ်စုအနေနဲ့ အဆိုပြုလွှာတွေကို နှိုင်းယှဉ်ကာ ဘယ်သူသာတယ်၊ ဘယ်လိုသာတယ်ဆိုတာတွေကို ဆွေးနွေး ပြီး Ranking လုပ်စေခဲ့တယ်လို့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆန်ကာတင်နောက်ဆုံးကုမ္ပဏီ သုံးခုထဲက တစ်ခုချင်းစီကို စိစစ်ကြီးကြပ်ရေးအဖွဲ့က ထပ်မံခေါ်ယူတွေ့ဆုံခဲ့ပြီး လုပ်ဆောင်နိုင်မှုနဲ့ အကျိုးအမြတ် မျှတမှုတွေ ဖြစ်စေဖို့ ထပ်မံအကဲဖြတ်ခဲ့တာလို့ သိရပါတယ်။

-ထွန်းထွန်း