YouTube Go ကို နိုင်ငံပေါင်း ၁၃၀ ကျော်ထံ ဖြန့်ချိ

YouTube Go app ကို နိုင်ငံပေါင်း ၁၃၀ ကျော်ထံ ဖြန့်ချိလိုက်တယ်လို့ YouTube က ကြေညာခဲ့ပါတယ်။

YouTube Go ဟာ သမားရိုးကျ YouTube app ကို ဒီဇိုင်းပြင်ဆင်ထားတဲ့ app တစ်ခုဖြစ်ပါတယ်။ Android အတွက်သာ ဖြန့်ချိထားတဲ့ YouTube Go app ကို အင်တာနက်ချိတ်ဆက်မှု အားနည်းပြီး ဆယ်လူလာဒေတာဈေးကြီးမြင့်တဲ့ ဒေသတွေအတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။

YouTube Go ကို သုံးစွဲသူတွေဟာ offline ကြည့်ရှုဖို့အတွက် ဗီဒီယိုတွေကို download လုပ်နိုင်မှာဖြစ်သလို ထုတ်ကုန်အချင်းချင်း ချိတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့လည်း ဝေမျှနိုင်မှာဖြစ်ပါတယ်။ ဒီ app ကို ပြီးခဲ့တဲ့နှစ်က အိန္ဒိယမှာ beta အနေနဲ့ ပထမဆုံး ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် နောက်ထပ် နိုင်ငံ ၁၄ နိုင်ငံမှာ စမ်းသပ်ခဲ့ပြီး ဒီကနေ့မှာတော့ နိုင်ငံပေါင်း ၁၃၀ ကျော်ထံ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Google ဟာ YouTube Go ကို feature သစ်တွေနဲ့ အဆင့်မြှင့်တင်ခဲ့ပါတယ်။ အဲ့ဒီ feature သစ်တွေမှာ ဗီဒီယိုတွေကို မြင့်မားတဲ့အရည်အသွေးနဲ့ ကြည့်နိုင်၊ download လုပ်နိုင်မယ့် option နဲ့ ဗီဒီယိုတွေကို အခြားထုတ်ကုန်တစ်ခုထံ တစ်ပြိုင်နက် ဝေမျှနိုင်မယ့် လုပ်ဆောင်ချက်တို့ ပါဝင်လာပါတယ်။

YouTube app ကို ဆယ်လူလာဒေတာသုံးစွဲမှု အကန့်အသတ်ရှိတဲ့ နိုင်ငံ ၁၃၀ ကျော်ထံ ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်နဲ့ အင်္ဂလန်တို့လို ဖွံ့ဖြိုးပြီးကွန်ရက်တွေရှိတဲ့ နိုင်ငံတွေမှာ YouTube Go ကို ဖြန့်ချိမယ့် အစီအစဉ်မရှိဘူးလို့လည်း သိရပါတယ်။

-နောင်နောင်
Ref: TheVerge