Youth Card ဝန်ဆောင်မှုအား ကျောင်းများသို့ သွားရောက် စာရင်းဖွင့်ပေးခြင်းဖြင့် ဆောင်ရွက်မည်ဟုဆို

သမဝါယမဘဏ်မှ ဆောင်ရွက်ခဲ့သော Youth Card ဝန်ဆောင်မှုအား ကျောင်းများသို့ သွားရောက် စာရင်းဖွင့်ပေးသွားတော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။

“ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဘဏ်ကိုလာဖွင့်လို့လည်း ရပါတယ်၊ မဖွင့်ချင်ရင် သက်ဆိုင်ရာ ကျောင်းများကို သွားရောက်ပြီး စာရင်းဖွင့်နိုင်အောင် လုပ်ထားပါတယ်” ဟု အဆိုပါဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။

အဆိုပါ Youth Card ဝန်ဆောင်မှုပါဝင်သော CB Youth ဝန်ဆောင်မှုမှာ Product Package အနေဖြင့် ထုတ် ဝေခဲ့ခြင်းဖြစ်သည်။ သမဝါယမဘဏ်၏ ဒုတိယအထွေထွေမန်နေဂျာ ဦးဇေယျာကျော်က “မိုဘိုင်းဘဏ်စနစ်၊ eSaving၊ eAlert အားလုံး ထည့်သွင်းပေးထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါကတ် ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် မွေးနေ့အထိမ်းအမှတ် လက်ဆောင်၊ ပညာရေးဂုဏ်ပြုလက်ဆောင်၊ စုဆောင်းငွေပမာဏအပေါ်တွင် ထပ်ဆောင်းအပိုဆုတို့ ရရှိမည်ဖြစ်ပြီး CB Youth ဝန်ဆောင်မှုအတွက် မှတ်ပုံတင်ကတ်နှင့် ကျောင်းသားကတ်တို့ လိုအပ်မည် ဖြစ်ကြောင်းသိရသည်။