YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ဖြင့် ငွေပေးချေခြင်းကို ဇူလိုင် ၂၁ ရက်စတင်အကောင်အထည်ဖော် အသုံးပြုမည်

YBS ယာဉ်လိုင်းတွေမှာဇူလိုင် ၂၁ ရက်မှစပြီး ငွေပေးချေကတ် YPS Card ကို စတင်အကောင်အထည်ဖော် အသုံးပြုတော့မှာဖြစ်ပြီး စုစုပေါင်း ယာဉ်အစီးရေ ၆၀ဝ နီးပါးမှာ စတင်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ငွေပေးချေကတ် (YPS Card) ဟာ YBS စီးနင်းတဲ့ ခရီးသည်တွေ ကြုံတွေ့နေရတဲ့ အကြွေစနစ် ခက်ခဲမှုကို လွှတ်မြောက်သွားမှာဖြစ်ကြောင်း၊ YPS Card စနစ်ကို Asia Starmar Co., Ltd က အကောင်အထည် ဖော်ဆောင်ရွက်ခွင့် ရရှိသွားတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ YPS Card (Yangon Payment Service) လုပ်ငန်းကို အကောင်အထည်ဖော်မယ့် အဆိုပါ Asia Starmar Co., Ltd ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Master Agreement ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

YPS Card ကို ခရီးသွားပြည်သူများအတွင်း ကတ်များရောင်းချမှုနဲ့ ငွေဖြည့်နိုင်မယ့် ဝန်ဆောင်မှုတွေကို ဇူလိုင် ၁၆ ရက်မှာ စတင်လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ရန်ကုန်မြို့တွင် မည်သည့် G & G ဆိုင်များတွင်မဆို ကတ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ငွေပေးချေကတ် တစ်ကတ်ကို ငွေကျပ် ၂၀ဝဝ ဖြင့် ဝယ်ယူရမှာဖြစ်ပြီး ငွေဖြည့်သွင်းရာမှာ အနည်းဆုံးငွေကျပ် ၁၀ဝဝ မှ အများဆုံး ငွေကျပ် ၅၀ဝဝဝ အထိ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကနဦး ငွေကျပ် ၅၀ဝဝ ဖြည့်မည်ဆိုပါက YPS Card တစ်ကတ် အခမဲ့ရရှိမှာ ဖြစ်ကြောင်းသိရပါတယ်။

YPS ကတ်ကို အသုံးပြုရာမှာ ကားအရှေ့တံခါးမှာ တပ်ဆင်ထားတဲ့ Bus Validator စက်မှာ ကတ်ကို ထိရမည်ဖြစ်ပြီး ပြန်ဆင်းရာမှာလည်း အနောက်တံခါးမှာ တပ်ဆင်ထားတဲ့ Bus Validator စက်ကို ထပ်မံထိပေးရမှာ ဖြစ်ပါတယ်။ဒီလိုထိရာမှာ ကတ်ဟာခရီးစဉ်တစ်ခုလုံးရဲ့ ကျသင့်နှုန်းထားကို ဖြတ်တောက်သွားမှာဖြစ်တဲ့အတွက် အကယ်၍ ဘတ်စ်ကားမှ ပြန်ဆင်းရာတွင် Bus Validator မှာ YPS ကတ်ကို ထိဖို့ မေ့ခဲ့ရင် (သို့မဟုတ်) ပျက်ကွက်ခဲ့ရင် နောက်ခရီးစဉ်အစမှာ Bus Validator နဲ့ YPS ကတ်ထိတာနဲ့တစ်ပြိုင်နက် ယခင်ခရီးစဉ်တစ်ခုလုံး ကျသင့်နှုန်းထားတွေကို အလိုအလျောက် ဖြတ်တောက်သွားမှာ ဖြစ်တဲ့အတွက် ကားပေါ်မှ ပြန်မဆင်းခင်မှာ Bus Validator နဲ့ YPS ကတ်ကို ပြန်ထိတို့ဖို့ မမေ့လျော့သင့်ကြောင်း ထုတ်ပြန်ကြော်ငြာချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ