Xiaomi Redmi Note 9s

Price : 279,000 Ks (4/64GB)

အားသာချက်

HDR 10 ထောက်ပံ့ပါဝင်တဲ့ ကြီးမားပြီး တောက်ပမှုရှိတဲ့ disaplay အချိန်ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီ၊ ဆန်းသစ်ပြီးဆွဲဆောင်မှုရှိတဲ့ ကျောဘက်ကင်မရာဒီဇိုင်း၊ မြန်ဆန်ကောင်းမွန်တဲ့ ဖုန်းစွမ်းဆောင်ရည်၊ ရေမတော်တဆ ဖိတ်စင်မှုခံနိုင်တဲ့ Splash-proof ပါဝင်မှု၊ နောက်ဆုံးထွက် MIUI စနစ်နဲ့ မြန်ဆန်တဲ့ အားသွင်းစနစ်တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ဖြစ်သလို microSD ကတ်စနစ်ပါဝင်မှု၊ Type-C အားသွင်းပေါက်၊ USB OTG စနစ်နဲ့ infrared စနစ်တွေထောက်ပံ့ပါဝင်တာက ကျေနပ်စရာပါ။

အားနည်းချက်

စပီကာရဲ့ အသံထွက်ပိုင်းက ဒီဖုန်းအတွက် လုံလောက်အောင်ကျယ်ပေမယ့် အရမ်းကောင်းတယ်လို့ မခံစားရတာ၊ ဖုန်းကိုယ်ထည်က သိသိသာသာလေးတာနဲ့ NFC စနစ်မပါဝင်တာ ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုမယ့်အပြင် bloatware app တွေ များစွာပါဝင်တာကလည်း စိတ်ညစ်စရာပါ။

စွမ်းဆောင်ရည်

• Qualcomm Snapdragon 720G (8 nm) CPU • Andreno 618
• 4GB RAM • 64GB; microSDXC (dedicated slot)

Redmi Note 9s မှာ အမြန်နှုန်း 2.3 GHz ရှိတဲ့ Snapdragon 720G Octa-core CPU ကို သုံးထားပြီး RAM 4GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု 64GB ရှိမှာဖြစ်ပါတယ်။ Snapdragon 720G က GeekBench 5.1 Multi-core ရမှတ် ၁၇၈၂ နဲ့ single-core ရမှတ် ၅၇၀ ရှိပါတယ်။ ဒါက ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်း မြန်ဆန်ကောင်းမွန်မှုရှိတယ်လို့ဆိုရမှာဖြစ်ပေမယ့် GPU ပိုင်းကတော့ သာမန်သာရှိတဲ့အတွက် 3D ဂိမ်းလိုမျိုး ဂိမ်းအကြီးစားတွေဆော့ဖို့တော့ ဒီဖုန်းက စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ Android 10 ပေါ်အခြေခံထားတဲ့ MIUI 11 ကို ထည့်သွင်းထားတာ ကျေနပ်စရာပါ။ MIUI စနစ်မှာ လုံခြုံရေး App တွေ၊ Note app တွေေထောက်ပံ့ပါဝင်လာပြီး malware တွေကို စကမ်ဖတ်တာမျိုး Blacklist တွေကို စီမံတာ၊ data အသုံးပြုမှုကို ကန့်သတ်တာမျိုးတွေ၊ ဘက်ထရီပိုင်းအတွက် စိတ်ကြိုက်ပြင်ဆင်တာမျိုးနဲ့ RAM ကို ပိုမိုမြန်ဆန်အောင် လုပ်ဆောင်တာတွေကို လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ အဲလိုမျိုးစုံလင်လှတဲ့ pre-install app တစ်နည်း bloatware တွေပါတာက မိမိအနေနဲ့ အသုံးမလိုရင်တော့ စိတ်ရှုပ်စရာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• Splash resistant • 6.67 inches IPS LCD display
• Gorilla Glass 5 (back & front) • 20:9 aspect ratio
• Fingerprint (side-mounted) • 209g

ပလက်စတစ်ကိုယ်ထည်ဖြစ်ပေမယ့် ရှေ့နောက်မျက်နှာပြင်တွေကို Goilla Glass 5 နဲ့အုပ်ထားပေးပြီး ကျောဘက်ဘောင်ပတ်လည်း ကွေးထားတဲ့ပုံစံက လက်ထဲမှာ ကိုင်ရတာ အဆင်ပြေစေမှာဖြစ်ပါတယ်။ ရှေ့ကင်မရာကို မြင်ကွင်းထဲမှာ ထည့်သွင်းထားတဲ့အတွက် notch မပါတဲ့ Display ကို ပြည့်ပြည့်ဝဝကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ညာဘက်ဘောင်ထဲမှာ လက်ဗွေစနစ်ကို ပါဝါခလုတ်နဲ့အတူ တွဲဖက်ထည့်သွင်းထားပြီး အသံတိုးကျယ်ခလုတ်ရဲ့ အောက်ဖက်နားမှာ တပ်ဆင်ထားပါတယ်။ ကျောဘက်အပေါ်ပိုင်းအလယ်နားမှာ ကင်မရာလေးလုံးကို နှစ်လုံးစီဒေါင်လိုက်စီကာ LED flash အပေါ်နားမှာ ထည့်သွင်းထားတာ အမြင်ဆန်းသစ်မှုရှိတယ်လို့ဆိုရမှာပါ။ ထိပ်ဘက်ဘောင်ထဲမှာ infrared စနစ်နဲ့ အောက်ဘက်ဘောင်ထဲမှာတော့ စပီကာတစ်လုံးနဲ့ နားကြပ်ပေါက်ကို USB အားသွင်းပေါက်နဲ့ တစ်ဘက်တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ မြင်ကွင်းကြီးမားသလို ဘက်ထရီကြီးမားတဲ့ဖုန်းဖြစ်တဲ့အတွက် လက်ထဲမှာကိုင်ရတာ အနည်းငယ်ကြီးမားပြီး လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်အသုံးပြုရတာ သိပ်မလွယ်ကူသလို အချိန်ကြာကြာ ကိုင်တွယ်ဖို့အတွက်လည်း အနည်းငယ် လေးတယ်လို့ ခံစားရမှာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစားက ၆.၆၇ လက်မရှိတဲ့ IPS LCD Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2400×1080 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၄.၅ ရာခိုင်နှုန်းရှိပြီး Aspect ratio အနေနဲ့ 20:9 မှာဖြစ်ပါတယ်။ Display ရဲ့ အမြင့်ဆုံးတောက်ပမှုက 420nits ရှိတယ်လို့ Xiaomi က ကြော်ငြာခဲ့ပါတယ်။ Display မှာ HDR10 နည်းပညာထောက်ပံ့ပဝင်တဲ့အတွက် ရုပ်ထွက်ပိုင်း စိုပြေပြီး တောက်ပမှုလည်း ရှိမှာဖြစ်ပါတယ်။

ကင်မရာ

• Standard: 48MP, f/1.79 (Wide) • 8MP, f/2.2 (ultrawide)
• 5MP, f/2.4 (macro) • 2MP, f/2.4 (depth)
• Selfie camera: 16MP, f/2.5 (wide) • Video : 4K resolution (30fps)
• PDAF, gyro-EIS

အဓိက 48MP ကင်မရာမှာ Quad-Bayer filter စနစ်ထောက်ပံ့ပါဝင်ပြီး Aperture f/1.79 ရှိတဲ့ sensor က ပုံရိပ်ရုပ်ထွက်အရည်အသွေး 12MP နဲ့ ထုတ်ပေးနိုင်ပါတယ်။ ultrawide ကင်မရာက ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ဒီကင်မရာမှာ ပုံရိပ်မပြတ်သားမှုကို အလိုအလျောက်ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ automatic distortion correction စနစ်ထောက်ပံ့ပါဝင်လာတာ ကျေနပ်စရာပါ။ 5MP macro ကင်မရာစနစ်မှာလည်း Autofocus စနစ်ကို ထည့်သွင်းပေးထားပြီး ကျန်တဲ့ depth ကင်မရာကတော့ 2MP အမျိုးအစားပါ။ Redmi Note 9s ရဲ့ကျောဘက်ကင်မရာစနစ်ရဲ့ manual (Pro) mode ကို ကင်မရာလေးလုံးစလုံးအတွက် အသုံးပြုရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းအရဆိုတော့ရင် ထည့်သွင်းပေးထားတဲ့ ကင်မရာစနစ်နဲ့ ကင်မရာစွမ်းဆောင်ရည်က မြင့်မားကောင်းမွန်မှုရှိတယ်လို့ဆိုရမှာပါ။ ဖုန်းနဲ့ဓာတ်ပုံရိုက်ရတာ နှစ်သက်သူတွေ စိတ်ကျေနပ်စေမှာလည်းဖြစ်ပါတယ်။ နေ့ဘက်အပြင် ညပိုင်းရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ရှေ့ဘက် 16MP selfie ကင်မရာကို Display ထဲမှာ မြှုပ်ထည့်ထားတာဖြစ်ပါတယ်။ ရှေ့ကင်မရာစနစ်မှာလည်း Quad-Bayer filter စနစ်၊ HDR စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ Portrait ရိုက်ကူးမှုအတွက် ရှေ့ကင်မရာစနစ်ကလည်း ရုပ်ထွက်ပိုင်း ကောင်းမွန်လှပါတယ်။ ဗီဒီယိုအနေနဲ့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

• Li-Po 5020 mAh • 18W Fast Charging
• 2.0, USB Type-C • USB On-The-Go

ဒီဖုန်းမှာ ကြီမားတဲ့ Li-Po 5020mAh ဘက်ထရီကို ထည့်သွင်းထားပြီး 2.0 USB Type-C အားသွင်းအမျိုးအစားသုံးထားကာ 18W Fast Charging နည်းပညာထောက်ပံ့ပါဝင်ပါတယ်။ မိနစ် ၃၀ လောက်နဲ့ ဖုန်းကို ၃၇ ရာခိုင်နှုန်းလောက် အားသွင်းနိုင်ပြီး မိနစ် ၅၀ မှာ ၆၀ ရာခိုင်နှုန်းအားသွင်းနိုင်ပြီး ဘက်ထရီအပြည့်အားသွင်းဖို့ဆိုရင်တော့ ၁ နာရီနဲ့ ၄၅ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ ဘက်ထရီစနစ်က ဖုန်းပြောတာကို ၄၁ နာရီနဲ့ ၃၀ မိနစ်ဝန်းကျင်၊ အွန်လိုင်းအသုံးပြုတာကို ၁၉ နာရီဝန်းကျင်နဲ့ ဗီဒီယို playback ကို ၁၆ နာရီ ၃၀ မိနစ် ကြာ အသုံးပြုနိုင်တာ မြင်ကွင်းကျယ်ဖုန်းတစ်လုံးအတွက် အထင်ကြီးစရာကောင်းလှပါတယ်။

သုံးသပ်ချက်

Xiaomi ရဲ့ Redmi Note စီးရီးဖုန်းတွေက လူကြိုက်များလှပါတယ်။ အဲလိုပဲ Redmi Note 9s က ပေးရတဲ့ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ဒါပေမယ့် OS ပိုင်းပိုမိုမြန်ဆန်ပြီး 90Hz screen နဲ့ ထုတ်ထားတဲ့ ဈေးနှုန်းသိပ်မကွလှတဲ့ Realme 6 က သူရဲ့ ပြိုင်ဘက်ဖုန်းတစ်လုံးအနေနဲ့ ရှိနေမယ်လို့ မြင်ပါတယ်။ Xiaomi ဖုန်းသုံးစွဲသူတွေ ဖန်တွေအတွက်ကတော့ Disaply ပိုင်း၊ ကင်မရာပိုင်း၊ စွမ်းဆောင်ရည်ပိုင်း၊ ဘက်ထရီပိုင်းနဲ့ OS ပိုင်းတွေ အားလုံးကျေနပ်စရာကောင်းလှပြီး ဈေးနှုန်းပိုင်းကလည်း လူတိုင်း လက်လှမ်းမီတဲ့အပြင် အရည်အသွေးမြင့်အလယ်အလတ်ဖုန်းတစ်လုံးဆိုတာထက်ပိုမိုတယ်လို့ ပြောလို့ရတဲ့ Redmi Note 9s ထိပ်တန်းရွေးချယ် စရာဖုန်းတစ်လုံးလို့ပြောရမှာပါ။

Display
Performance 
Camera
Battery 
Hand On 
Over All

-ရဲထွဋ်ဝင်း