Xiaomi QIN 2 AI (4G)

Price – 117,000 Ks

အားသာချက်

ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ bezel-less display မျက်နှာပြင်ကို Aspect ratio 22.5:9 နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး Android လုပ်ဆောင်ချက်တွေ စုံလင်စွာအသုံးပြုနိုင်မှု၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်၊ Xiiao AI စနစ်၊ Multilingual ဘာသာပြန်စနစ်တွေနဲ့ ဖုန်းကို remote လို အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာက ဒီဖုန်းရဲ့ အထူးဆွဲဆောင်နိုင်တဲ့ အချက်တွေလို့ဆိုရမှာပါ။

အားနည်းချက်

သိုလှောင်နိုင်မှုပမာဏကို တိုးမြှင့်အသုံးပြုနိုင်ဖို့ MicroSD ပေါက်မပါဝင်တာက 32GB ပမာဏနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက တစ်ရက်ခွဲဝန်းကျင်လောက်သာ သုံးနိုင်ပြီး နှစ်ရက်ဝန်းကျင် အသုံးမပြုနိုင်တဲ့အပြင် မြန်ဆန်တဲ့ ဘက်ထရီအားသွင်းနည်းပညာတွေ မပါဝင်တာက ဒီဖုန်းကို ဝယ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုရမှာပါ။ ရှေ့ဘက်ကင်မရာ မပါသလို နားကြပ်ပေါက်တွေလည်း မပါပါဘူး။

စွမ်းဆောင်ရည်

·4-core Spreadtrum SC9832E (28 nm) CPU ·Mali-T820 MP1 GPU
·1GB RAM ·32GB; no microSD

Xiaomi Qin 2 က ဘတ်ဂျက် entry-level ဟာ့ဒ်ဝဲတွေ သုံးထားတာလို့ဆိုရမှာပါ။ အမြန်နှုန်း 1.4GHz ရှိတဲ့ quad-core cpu, Mali-T820MP1 ဂရပ်ဖစ်စနစ်၊ RAM 1GB စတာတွေအသုံးပြုထားတာဖြစ်လို့ ဂိမ်းကစားဖို့အတွက် မဖြစ်နိုင်ပေမယ့် နေ့စဉ်အသုံးပြုမှုအတွက်တော့ ကောင်းမွန်မှုရှိမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ Android 9.0 Pie ကို အခြေခံထားတဲ့ UI ကလည်း သုံးရတာ မြန်ဆန်ကောင်းမွန်ပြီး Google ရဲ့ Maps Go နဲ့ YouTube Go နဲ့ အခြား App တွေ ပါဝင်လာပါတယ်။ သိုလှောင်မှုအနေနဲ့ 32GB ထောက်ပံ့ပါဝင်ပြီး microSD ကတ်ပေါက်လည်း မပါတဲ့အတွက် မိမိအနေနဲ့ ဖုန်းထဲမှာ အချက်အလက်တွေများစွာ သိုလှောင်ထားနိုင်မှာတော့ မဟုတ်ပါဘူး။ Infrared စနစ်ထောက်ပံ့ပါဝင်တဲ့အတွက် ဖုန်းကို ရီမုတ်ကွန်ထရိုးတစ်ခုလို အသုံးပြုနိုင်တာက နှစ်သက်စရာပါ။ Voice Assistant AI စနစ်က ဘာသာစကား ၆၂ နှစ်မျိုးကို ဘာသာပြန်ဆိုပေးနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

·FullView Display Design ·5.05 inch IPS LCD display
·Glass (front), plastic (back), plastic frame ·22.5:9 aspect ratio
·105g

Xiaomi Qin 2 က လူငယ်အကြိုက် အနက်၊ အပြာ၊ သန္တာ၊ အနီ စတဲ့ ရွေးချယ်စရာအရောင်တွေနဲ့ ဖန်တီးထားသလို ရှေ့ဘက်မျက်နှာပြင်ကို 2.5D tempered glass နဲ့ ဖုံးထားပေးပြီး ကျောဘက်ကာဗာက ပလတ်စတစ်ကာဗာဖြစ်ပေမယ့် ကိုင်ရတာ ကျေနပ်မှုရှိတဲ့ အထိအတွေ့ကို ပေးစွမ်းနိုင်ပါတယ်။ လက်ထဲမှာ အံဝင်ခွင်ကျဖြစ်သလို လက်တစ်ဖက်တည်းနဲ့ အသုံးပြုရတာ ကောင်းမွန်လှပြီး ရှေ့မျက်နှာပြင်မှာ notch သို့မဟုတ် hole-punch display တွေလိုမဟုတ်ဘဲ FullView ပုံစံနဲ့ အသုံးပြုရမှာဖြစ်ပါ တယ်။ ကျောဘက်ကင်မရာတစ်လုံးနဲ့ ပါဝါခလုတ်၊ အသံအတိုးအကျယ်ခလုတ်နဲ့ voice assistant (AI) ခလုတ်ကတော့ ဖု်နးရဲ့ ညာဘက်ဘောင်ထဲမှာ တပ်ဆင်ထားပြီး အပေါ်ဘောင်ထဲမှာ Infrared စနစ်နဲ့ အောက်ဘက်ဘောင်ထဲမှာ USB Type-C ပေါက်ကို စပီကာနှစ်လုံး အလယ်မှာ ထည့်သွင်းထားပါတယ်။ ဒီဖုန်းမှာ နားကြပ်ပေါက်တော့ မပါဝင်ပါဘူး။

မျက်နှာပြင်အရွယ်အစားက ၅.၀၅ လက်မရှိတဲ့ IPS LCD Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1440×576 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Aspect ratio အနေနဲ့ 22.5:9 နဲ့အသုံးပြုနိုင်တာ ဘတ်ဂျက်ဖုန်းအတွက် ကျေနပ်စရာကောင်းလှပါတယ်။ အပေါ်ဘက်မျက်နှာပြင်ထိပ်ပိုင်းက ဘောင်ပျောက်ပုံစံ မျက်နှာပြင်ဖြစ်ပြီး အောက်ဘက် chin ကတော့ ပုံမှန် Xiaomi ဖုန်းတွေလောက်ပဲရှိမှာဖြစ်ပါတယ်။ အရွယ်အစားက iPhone SE ထက်ပိုပြီးကျစ်လစ်မှုရှိတယ်လို့ဆိုရမှာပါ။

ကင်မရာ

·Standard: 5MP, flash ·No Selfie camera
·Video : HD resolution

ကျောဘက်မှာ 5MP ကင်မရာကိုတပ်ဆင်ထားပြီး ကင်မရာစနစ်မှာ AF စနစ် ထောက်ပံ့ပါဝင်ပါတယ်။ ကင်မရာရဲ့ ညာဘက်ကပ်လျက်မှာ flash မီးတစ်လုံး တပ်ဆင်ပေးထားပါတယ်။ ကျောဘက်ကင်မရာနဲ့ HD အရည်အသွေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်ပေမယ့် ဗီဒီယို Call ဖုန်းခေါ်ဆိုမှုလုပ်ဖို့တော့ ရှေ့ဘက် selfie ကင်မရာ မပါဝင်တာက အခြား entry-level ဖုန်းတွေနဲ့ယှဉ်ရင် ဝယ်ဖို့အတွက် စဉ်းစားစရာဖြစ်နေမှာပါ။

ဘက်ထရီ

·Li-Po 2100mAh ·USB Type-C

Li-Po 2100mAh ဘက်ထရီက ပုံမှန်ဖုန်းပြောတာ WiFi ချိတ်သုံးတာ၊ Bluetooth ချိတ်သုံးတာလောက် ဆိုရင်တော့ နှစ်ရက်ဝန်းကျင်လောက်သာ သုံးနိုင်မှာဖြစ်ပေမယ့် အခြား GPS စနစ်၊ မာတီမီဒီယာတွေပါ သုံးမယ်ဆိုရင်တော့ တစ်ရက်ခွဲလောက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB Type-C အားသွင်းအမျိုးအစား သုံးထားတာက အခြား entry-level ဖုန်းတွေထက် ပိုပြီး ကျေနပ်စရာကောင်းပေမယ့် ဘက်ထရီစနစ်မှာ အားသွင်းမြန်တဲ့နည်းပညာတော့ ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။

သုံးသပ်ချက်

Xiaomi Qin 2 က သူ့အရင် Qin 1 ထက်ပိုပြီး Display ပိုင်း စွမ်းဆောင်ရည်ပိုင်းတွေ ပိုမို ကောင်းမွန်လာသလို Android လုပ်ဆောင်ချက်တွေကိုလည်း စုံလင်အောင်သုံးနိုင်တဲ့ entry-level ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ လူငယ်ကြိုက်ဖြစ်မယ့် အရောင်အသွေးနဲ့ ကိုင်ရတာကျစ်လျစ်မှုတွေက အထူးဆွဲဆောင်မှုရှိပေမယ့် အခြား entry-level ဖုန်းတွေလို ရှေ့ကင်မရာမပါဝင်တာ နားကြပ်ပေါက်မပါတွေက ပုံမှန် Android သုံးနေကျသူတွေအတွက် ဒီဖုန်းကို သုံးရတာ အနည်းငယ် စိတ်ကသိကအောက်ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ဒီအချက်တွေက ပြဿနာမဟုတ်ဘူးဆိုရင်တော့ စွမ်းဆောင်ရည်မြင့်မားတဲ့ AI စနစ်နဲ့ ဖုန်းကို ရီမုတ်တစ်ခုလိုသုံးနိုင်တဲ့ ဒီဖုန်းက ရွေးချယ်စရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ကိုင်ရတာ ကျစ်လျစ်မှုရှိတဲ့ ဒီဖုန်းက အဓိကအသုံးပြုတဲ့ ဖုန်းတစ်လုံးအနေနဲ့မဟုတ်ဘဲ အရံဖုန်းအပိုတစ်လုံးအနေနဲ့ ထားရှိအသုံးပြုချင်သူတွေအတွက်လည်း အဆင်ပြေမယ့်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Display 
Performance 
Camera
Battery
Hand On
Over All

-ရဲထွဋ်ဝင်း