Xiaomi ရဲ့ flagship သစ်တွင် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖွယ်ရှိ

Xiaomi ဟာ Qi စံသတ်မှတ်ချက်အတွက် လူသိများတဲ့ Wireless Power Consortium နဲ့ ပူးပေါင်းလိုက်တာကြောင့် အသစ်ထွက်မယ့် flagship ဟာ ကြိုးမဲ့စနစ်ပါဝင်တဲ့ ပထမဆုံး Xiaomi ထုတ်ကုန် ဖြစ်လာဖွယ်ရှိပါတယ်။ ဒီစံသတ်မှတ်ချက်ကို Apple, LG, Samsung နဲ့ အခြားကုမ္ပဏီတွေမှာ ထောက်ပံ့ပေးထားပါတယ်။

ဒီအကြောင်းကို Xiaomi က တရားဝင်မကြေညာခဲ့ပေမယ့် Consortium ရဲ့ ပင်မစာမျက်နှာက အဖွဲ့ဝင်စာရင်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အသစ်ထွက်လာမယ့် Xiaomi Mi 7 ဟာ Qi ကြိုးမဲ့အားသွင်းစနစ် ပထမဆုံး ပါဝင်လာဖွယ်ရှိပါတယ်။

ကြိုးမဲ့အားသွင်းစနစ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကော်ဖီဆိုင်တွေနဲ့ လေဆိပ်တွေမှာ အရှိန်အဟုန်နဲ့ အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင် Ikea ရဲ့ ပရိဘောဂနဲ့ အိမ်သုံးတွဲဖက်ပစ္စည်းတွေမှာလည်း ထည့်သွင်းခဲ့ကြပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကို နောက်ဆုံးအသုံးပြုလာတဲ့ နာမည်ကျော်ကုမ္ပဏီက Apple ဖြစ်ပြီး နောက်ဆုံးပေါ် iPhone တွေရဲ့ ကျောဘက်မှာ ကြိုးမဲ့အားသွင်းစနစ်သုံးနိုင်မယ့် မှန်ထည်တွေကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena