Xiaomi ဖုန်းတွေမှာ Ads ကြော်ငြာဝင်တာတွေကို ဘယ်လိုကန့်သတ်မလဲ

Xiaomi ဖုန်းတွေအသုံးပြုတိုင်း Ads ကြော်ငြာဝင်တာတွေကို မိမိအနေနဲ့ ကန့်သတ်လျှော့ချနိုင်ပါတယ်။ တချို့ကို ပိတ်ထားနိုင်သလို Browsing history တွေကို ကန့်သတ်တာမျိုးတွေ လုပ်ထားနိုင်မှာလည်းဖြစ်ပါတယ်။ မိမိရဲ့ Xiaomi ဖုန်းက MIUI 11 ဗားရှင်းဆိုရင်တော့ အလွယ်တကူ ကြော်ငြာတွေကို ကန့်သတ်နိုင်မှာဖြစ်သလို မိမိဖုန်းက MIUI 11 မဟုတ်ရင်လည်း update လုပ်ကာ ခုနည်းလမ်းအတိုင်း ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။

MIUI 11 ကို သုံးနေတာဆိုရင်တော့ ဖုန်းရဲ့ Settings စနစ်ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Mi Account>Privacy ကို ရွေးလိုက်ပါ။ Privacy စနစ်ထဲကိုရောက်ရင်တော့ System Ads ဆိုတဲ့စာသားဘေးနားက ခလုတ် toggle ကို ပိတ်ထားပြီး ကြော်ငြာတွေကို ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။

ဆက်ပြီး MIUI 10 ဗားရှင်းနဲ့ MIUI 10 အောက်ဗားရှင်းတွေသုံးနေတဲ့သူတွေ အနေနဲ့ကတော့ MIUI 11 လိုမျိုး ခလုတ်တစ်ချက်နှိပ် ကြော်ငြာတွေကို ကန့်သတ်ထားနိုင်မှာမဟုတ်ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။

MSA App ကို ပိတ်ထားပါ

MSA ဆိုတာကတော့ MIUI System Ads ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ App ကိုတော့ ဖုန်းထဲကနေ uninstall လုပ်လို့မရပါဘူး။ ဒါပေမဲ့ Settings ထဲကနေ Authorization and Revocation စနစ်ကို ပိတ်ဖို့အတါက် Revoke ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ MSA စနစ်ကို အောင်မြင်စွာပိတ်ပြီးပြီဆိုတဲ့ စာသား ပေါ်လာမှာ ဖြစ်ပါတယ်။

Privacy ကြော်ငြာအကြံပြုချက်ကို ပိတ်ထားပါ

ဒါကတော့ Browsing history ထဲက အချက်အလက်ပေါ်မူတည်ပြီး ဖုန်းကနေ Privacy ကြော်ငြာတွေကို မဝင်အောင် ပိတ်ထားနိုင်ပါတယ်။ အရင်ဆုံး Settings စနစ်ကိုသွားပါ။ ပြီးရင်တော့ Additional Settings>Privacy>Ad Services ထဲကို သွားလိုက်ပါ။ Ad Services စနစ်ထဲကိုရောက်သွားရင်တော့ Personalized Ad recommendations ဆိုတဲ့စာသားဘေးနားက ခလုတ်လေးကို ပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ Privacy ကြော်ငြာအကြံပြုချက်ကို ပိတ်ထားပြီးဖြစ်ပါတယ်။

Mi Security App ရဲ့ ကြော်ငြာတွေကို Disable လုပ်ပါ

Mi Security App ကို ဖွင့်ပြီး ညာဘက်ထိပ်ပိုင်း မြင်ကွင်းအပေါ်ထောင့်နားက cog icon ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ Recommendations အကြံပြုချက်ဆိုတဲ့ စာသားဘေးနားက ခလုတ်ကိုပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ Mi Security App ရဲ့ ကြော်ငြာတွေကို Disable လုပ်ပြီးပြီပဲဖြစ်ပါတယ်။

Mi ဗီဒီယိုစနစ်မှာ ကြော်ငြာတွေကို ပိတ်ထားပါ

ထပ်ပြီးတော့ Mi ဗီဒီယို App ကို ဖွင့်ပြီး Account menu ကို ရှာပါ။ ပြီးရင်တော့ Settings ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ Recommendations နဲ့ Push Notifications စာသားနှစ်ခုဘေးက ခလုတ်တွေကို ပိတ်ထားပါ။ အဲလိုမျိုး ဗီဒီယို app ကို မပိတ်ချင်ရင်တော့ မိမိအနေနဲ့ VLC app နဲ့ MX player app တွေကို အသုံးပြုနိုင်ပါတယ်။

Mi Music App က ကြော်ငြာတွေကို ပိတ်ထားပါ

Mi Music app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ဘယ်ဘက်အပေါ်ထောင့်နားက Menu icon ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ Settings>Advanced Settings ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Recommendations ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို ပိတ်ထားလိုက်ပါ။ အဲလိုမျိုး မပိတ်ထားချင်ရင်တော့ ဗီဒီယို app တုန်းကလိုမျိုး Third party music app ကို အသုံးပြုနိုင်ပါတယ်။

Mi Web Browser က ကြော်ငြာတွေကို ပိတ်ထားပါ

MIUI မှာပါတဲ့ default browser က ကောင်းမွန်ပေမယ့် သူ့ထက်ပိုပြီး လုပ်ဆောင်ချက်တွေ စုံလင်လှတဲ့ Chrome browser ကို သုံးတာပိုကောင်းတယ်လို့ အကြံပြုချင်ပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ Mi Web Browser ကို သုံးမယ်လို့ ဆုံးဖြတ်ထားရင်တော့ ကြော်ငြာတွေကို ကန့်သတ်ထားနိုင်ပါတယ်။ Mi Browser app ကို ဖွင့်ပါ။ မျဉ်းသုံးချောင်း Menu icon ကို နှိပ်လိုက်ပါ။ Settings>Advanced>Top Sites Order ကို နှိပ်ပါ။ ပြီးရင်တော့ Recommendations ဆိုတဲ့စာသားဘေးနားက ခလုတ်ကို ပိတ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ Browser ကတစ်ဆင့် ကြော်ငြာတွေ ဝင်မှာကို ပိတ်ထားလိုက်ပြီပဲဖြစ်ပါတယ်။

Mi File Manager & Downloads က ကြော်ငြာတွေကို Disable လုပ်ပါ

Mi File Manager App ကို ဖွင့်ပါ။ ပြီးရင်တော့ မြင်ကွင်းဘယ်ဘက် အပေါ်ထောင့်နားက လိုင်းခုဆင့်ထားတဲ့ Menu icon ကို နှိပ်ပါ။ ပြီးရင်တော့ Settings စနစ်ထဲကို ဝင်လိုက်ပါ။ Settings ထဲရောက်သွားရင်တော့ Show Recommended Content ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို ပိတ်ထားလိုက်ပါ။ အဲလိုမျိုးပဲ Downloads app ကိုလည်းဖွင့်ပြီး အပေါ်ကအတိုင်း ပိတ်ထားပေးလိုက်ပါ။

ဒါဆိုရင်တော့ မိမိအနေနဲ့ Xiaomi ဖုန်းရဲ့ Ads ကြော်ငြာဝင်တာတွေကို မိမိစိတ်ကြိုက် ပိတ်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။