Xiaomi က Samsung ကိုကျော်ပြီး အိန္ဒိယရဲ့အရောင်းရဆုံး စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်လာ

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက အိန္ဒိယနိုင်ငံရဲ့ ဟန်းဆက်ဈေးကွက်မှာ Xiaomi က Samsung နဲ့အတူပူးတွဲပြီး ထိပ်တန်းနေရာကို ရယူခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ Samsung က အိန္ဒိယစမတ်ဖုန်းဈေးကွက်ကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ အခုဆိုရင် Xiaomi ဟာ စတုတ္ထ သုံးလပတ်ရောင်းအားကြောင့် အိန္ဒိယနိုင်ငံရဲ့ အရောင်းရဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်လာပါတယ်။

ဒီအချက်အလက်တွေဟာ ဈေးကွက်သုတေသနကုမ္ပဏီတွေဖြစ်တဲ့ Counterpoint နဲ့ Canalys တို့ရဲ့ အိန္ဒိယဈေးကွက်ကနေရရှိတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ Counterpoint ရဲ့ဖော်ပြချက်အရ အိန္ဒိယနိုင်ငံရဲ့ မိုဘိုင်းဖုန်းတင်ပို့ရောင်းချမှုဟာ ၃၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး စမတ်ဖုန်းတင်ပို့ရောင်းချမှု ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ Xiaomi ဟာ၂၀၁၇ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း ဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်းရှိပြီး Samsung ကတော့ ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ကိန်းဂဏန်းတွေမှာ Samsung ကဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာမှာ Xiaomi က ၁၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အွန်လိုင်းထုတ်ကုန် ရောင်းချမှုပိုင်းမှာ Xiaomi ဟာ ထိပ်ဆုံးနေရာ ရယူထားပေမယ့် ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာ ဆိုင်တွေဖွင့်လှစ်ဖို့ အထိုင်ချခဲ့ပါတယ်။ Xiaomi ဟာ စမတ်ဖုန်းရောင်းချမှု မြင့်တက်လာအောင် ဆိုင်တွေဖွင့်လှစ်ဖို့ အဓိကအာရုံစိုက်ခဲ့ပါတယ်။

Xiaomi ဟာ စတုတ္ထသုံးလပတ်အတွင်း စမတ်ဖုန်း ၈.၂ သန်း တင်ပို့ရောင်းချနိုင်ပြီး Samsung ကတော့ အဲဒီကာလအတွင်းမှာ ထုတ်ကုန် ၇.၃ သန်းကျော်ပဲ တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဈေးသက်သာတဲ့ ထုတ်ကုန်တွေ ထိထိရောက်ရောက် မရောင်းချနိုင်တဲ့အတွက် Samsung ဟာ Xiaomi ကို မယှဉ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ အများဆုံးရောင်းချနေရတာက တန်ဖိုးနည်းစမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။

စိုးထက်
Ref: AndroidCentral