Xbox Series X မှာပဲ ကစားနိုင်ဖွယ်ရှိမယ့် Elder Scrolls 6

ပရိသတ်တွေ မျှော်လင့်နေတဲ့ Elder Scrolls 6 ဟာ Xbox Series X/ PC မှာပဲ သီးသန့်ထွက်လာမယ်လို့ Microsoft အကြီးအကဲ ဖီးလ်စပင်ဆာက ပြောခဲ့ပါတယ်။

Microsoft က Bethesda နဲ့ id software မိခင်ကုမ္ပဏီ ZeniMax ဝယ်ယူမှုနဲ့ ပတ်သက်ပြီး Kotaku နဲ့ အင်တာဗျူးမှာ ဖီးလ်စပင်ဆာက ပြောခဲ့ပါတယ်။ Elder Scrolls 6, Fallout, Doom နဲ့ အခြားနာမည်ကျော် ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီကို ဝယ်လိုက်တာကြောင့် Xbox Games Studios ထဲရောက်လာပြီ ဖြစ်ပါတယ်။

Elder Scrolls 6 ဂိမ်းနဲ့ပတ်သက်ပြီး ဖီးလ်စပင်ဆာက “ဂိမ်းကစားသူ အရေအတွက်နဲ့ ထုတ်ကုန်အရေအတွက် အရ ကျွန်တော်တို့မှာ xCloud နဲ့ PC နဲ့ Game Pass နဲ့ ကိုယ်ပိုင်ဂိမ်းစက် ပရိသတ်အရေအတွက် ရှိပါတယ်။ အဲဒီ ဂိမ်းတွေကို ကျွန်တော်တို့ ကိုယ်တိုင် ထောက်ပံ့တဲ့ platform ထက် အခြား platform မှာ မထောက်ပံ့ချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

အခု ပြောစကားကလည်း Elder Scrolls 6 ဒါမှမဟုတ် Fallout 5 ဂိမ်းကို PS5 မှာမထောက်ပံ့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ ဂိမ်းတွေအတွက် Microsoft မှာ အစီအစဉ်တစ်မျိုး ရှိကောင်းရှိနိုင်ပါတယ်။

-စိုးထက်
Ref: GamesRadar

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««