World Music Day ဂီတပွဲတော်ကို JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်

JOOX အက်ပလီကေးရှင်းမှ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ JOOX World Music Day 2020 ဂီတပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကာ COVID-19 ရန်ပုံ ငွေပွဲအဖြစ် အွန်လိုင်းကနေ တစ်ဆင့် ကျင်းပမယ်လို့ သိရပါတယ်။

“The Sound of Happiness” လို့အမည်ပေးထားတဲ့ အဆိုပါဂီတပွဲတော်ကို ဇွန် ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ်တစ်နာရီမှ စတင်ကာ ကျင်းပသွားမှာဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပရိသတ်များမှ မိမိသဘောကျနှစ်သက်တဲ့ အနုပညာရှင်တွေ ကို JOOX အက်ပလီကေးရှင်းရှိ Coin တွေ လက်ဆောင်အနေနဲ့ ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး Coin လက်ဆောင်တစ်ခုလျှင် မြန်မာကျပ်ငွေ ၂၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။ ကမ်ပိန်းမှ ရရှိတဲ့ Coin စုစုပေါင်းလက်ဆောင် ငွေကြေးများအားလုံးကို UNICEF သို့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“The Sound of Happiness” ဂီတပွဲတော်မှာ နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့က ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး နိုင်ငံတကာမှ အဆိုတော်တွေဖြစ်တဲ့ Ruel, Alexander 23, Circa Waves, Mxmtoon, Conor Matthews, Gracie Abrams, Griff၊ JC Stewart နဲ့ Maximillian တို့ပါဝင်မှာဖြစ်ပါတယ်။ Pop၊ R&B၊ Hip Hop နဲ့ Rock စတဲ့ ခေတ်ပေါ်တေးဂီတ အမျိုးအစားများစွာနဲ့ ဖျော်ဖြေသွားမှာဖြစ်ပြီး realme မှလည်းရန်ပုံငွေပွဲတော်အတွက် ပါဝင်ကူညီလှူဒါန်းသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှ အနုပညာရှင်များအပြင် ကမ္ဘာ့ DJ အဆင့် (၁၄) ရှိ နာမည်ကျော် DJ R3hab ကလည်း အထူးအစီအစဉ်အနေတစ်ခုအနေနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

-အောင်သူ