Wireless-charging ကုမ္ပဏီ PowerByProxi ကို Apple ဝယ်ယူ

နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ ကြိုးမဲ့အားသွင်းစနစ်တွေကိုဖန်တီးတဲ့ PowerbyProxi ကုမ္ပဏီကို ဝယ်ယူလိုက်တယ်လို့ အင်္ဂါနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။ PowerbyProxi ကို ဝယ်ယူခဲ့တဲ့ ငွေပမာဏကိုတော့ မပြောကြားခဲ့ပါဘူး။

ဒီဝယ်ယူမှုဟာ ကြိုးမဲ့စနစ်အနာဂတ်တစ်ခုဖန်တီးလိုတဲ့ Apple အတွက် ကြီးမားတဲ့တိုးချဲ့ဖြည့်စွက်မှုတစ်ခုဖြစ်တယ်လို့ Apple ရဲ့ hardware engineering စီနီယာဒုဥက္ကဋ္ဌ Dan Riccio က ဆိုပါတယ်။ “ကျွန်တော်တို့အနေနဲ့ ကမ္ဘာတစ်ဝန်းက သုံးစွဲသူအများအပြားနဲ့ နေရာအများအပြားမှာ အဆင်ပြေလွယ်ကူစွာသုံးနိုင်မယ့် ကြိုးမဲ့အားသွင်းစနစ်ကို သယ်ဆောင်လာပေးဖို့ ဆန္ဒရှိပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက iPhone X, iPhone 8, iPhone 8 Plus နဲ့အတူ ကြိုးမဲ့အားသွင်းစနစ်ကို ပွဲထုတ်မိတ်ဆက်ခဲ့ပြီးတဲ့နောက် Apple က PowerbyProxi ကုမ္ပဏီကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ iPhone သစ်တွေမှာ Samsung Galaxy ထုတ်ကုန်တွေလိုပဲ Qi wireless-power စံသတ်မှတ်ချက်ကို အသုံးပြုထားပါတယ်။

စမတ်ဖုန်းနဲ့ အခြားထုတ်ကုန်တွေမှာ ကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်စေမယ့် နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ နယူးဇီလန်အခြေစိုက် PowerbyProxi ကို ၂၀၀၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ထုတ်ကုန်တွေထဲကတစ်ခုဖြစ်တဲ့ Proxi-Module လို့ခေါ်တဲ့ modular wireless-power system ကို အခြားထုတ်ကုန်မှာ ပေါင်းစပ်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: CNET