Windows laptop အသစ်နှစ်မျိုးကို Samsung ထုတ်ဖော်မိတ်ဆက်

Samsung ရဲ့ နှစ်စဉ်ကျင်းပနေကျ Developers ကွန်ဖရင့်ပွဲမှာ Samsung Galaxy Book Flex နဲ့ Galaxy Book Ion အမည်ရ Windows laptop အသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Flex ကတော့ tablet လိုမျိုး အသုံးပြုနိုင် အောင် ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ ပတ္တာထည့်သွင်းပေးထားပြီး Ion ကတော့ သမားရိုးကျ clamshell ဒီဇိုင်း ဖြစ်ပါတယ်။

Samsung ရဲ့ laptop အသစ် နှစ်မျိုးစလုံးက စွမ်းဆောင်ရည်မြင့်မားပြီး ဒဿမမြောက်မျိုးဆက် Intel ပရိုဆက်ဆာကို အသုံးပြုထားကာ Wi-Fi 6 ထောက်ပံ့မှုအပြင် QLED display, RAM 16GB နဲ့ internal solid-state storage 1TB တို့ပါဝင်လာပါတယ်။ Samsung laptop နှစ်မျိုးစလုံး ဒီဇိုင်းက သပ်ရပ်ပြီး အပြာရောင်ကိုလည်း palette အဖြစ် ထည့်သွင်းထားပါတယ်။

Samsung laptop နှစ်မျိုးစလုံးက ပါးလွှာ ပေါ့ပါးပါတယ်။ Samsung Galaxy Book Ion အလေးချိန်ကတော့ ၂.၁ ပေါင်ပဲ ရှိပါတယ်။ Galaxy Book Flex ထုတ်ကုန်က စိတ်ဝင်စားစရာကောင်းပါတယ်။ Galaxy Book Flex မှာ အပြာရောင် keyboard နဲ့ ကိုယ်ထည်ကို အသုံးပြုထားပြီး Bluetooth S Pen လည်းပါဝင်လာပါတယ်။ Samsung Galaxy Note 10 ဖုန်းမှာ ပါဝင်တဲ့ S Pen ပါဝင်လာတာ ဖြစ်ပါတယ်။

Galaxy Book Flex ကို tablet အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီး S Pen နဲ့ဒီဂျစ်တယ်ရုပ်ပုံတွေ ရေးဆွဲနိုင်ပါတယ်။ Galaxy Book Flex ရဲ့ display ရုပ်ထွက်အရည်အသွေးက Full HD+ ဖြစ်ပြီး 1,920x 1,080 ဖြစ်ပါတယ်။ Samsung Galaxy Book Ion မှာတော့ S Pen မပါဝင်ဘဲ လုပ်ငန်းသုံးအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး အထူက ၁၂.၉ မီလီမီတာပဲ ရှိပေမယ့် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။

Samsung ရဲ့ laptop အသစ်နှစ်မျိုးစလုံးမှာ fingerprint sensor ပါဝင်ပြီး keyboard ထဲမှာ ထည့်သွင်းထားပါတယ်။ Galaxy Book Ion ရဲ့ keyboard အတွင်းက fingerprint sensor ကို အပြာရောင်နဲ့ ထည့်သွင်းထားပါတယ်။

Samsung Galaxy Book Ion နဲ့ Galaxy Book Flex ကို ၁၃.၃ လက်မနဲ့ ၁၅.၆ လက်မ မော်ဒယ် နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Samsung က laptop ဈေးနှုန်းကို မပြောခဲ့ပေမယ့် ဒီနှစ် ဒီဇင်ဘာလအတွင်း ဈေးကွက်တချို့မှာ ရောင်းချမယ်လို့ ထုတ်ပြန်ထားပါတယ်။

စိုးထက်
Ref: AndroidAuthority