Windows နဲ့ macOS အတွက် Microsoft ရဲ့ Edge Chromium browser ကိုဖြန့်ချိ

Microsoft ဟာ Windows နဲ့ macOs အတွက် Edge Chromium browser အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အခု Edge browser အသစ်ကို လူတိုင်း download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Microsoft ဟာ browser ကို Chromium ပြောင်းလဲမယ့် အစီအစဉ်ကို ထုတ်ဖော်ပြသပြီး ၁ နှစ်အကြာမှာ Edge browser အသစ်ကို ဖြန့်ချိလိုက်ပါတယ်။

လာမယ့်လအနည်းငယ်အတွင်း Microsoft ဟာ Windows သုံးစွဲသူတွေအတွက် ရှိပြီးသား browser ကို Edge ဗားရှင်းအသစ်နဲ့ အလိုအလျောက် update လုပ်ပေးဖို့ စီစဉ်နေပါတယ်။ Microsoft အနေနဲ့ Windows Update ကတစ်ဆင့် Edge အသစ်ကို တဖြည်းဖြည်း ဖြန့်ချိပေးမှာပါ။ Edge အသစ်ကို OEM တွေဆီ ဖြန့်ချိနေပြီး Windows Laptop တွေမှာ Edge အသစ်ပါဝင်လာမှာ ဖြစ်ပါတယ်။ အနာဂတ် Windows 10 update ကနေ Edge အသစ်ကို ဖြန့်ချိမှာ ဖြစ်ပြီး ခေါက်ထားနိုင်ကာ မျက်နှာပြင် ၂ ခုပါဝင်တဲ့ ထုတ်ကုန်တွေအတွက် Windows 10X မှာလည်း ပါဝင်လာပါမယ်။

Edge Chromium ကို install လုပ်ပြီး ဖွင့်လိုက်ရင် history sync နဲ့ extension sync မပါဝင်ဘဲ favorites, setings, addresses/ contact info နဲ့ password တွေအားလုံးကို sync ပြုလုပ်ပေးပါမယ်။ Microsoft ဟာ ဒီနှစ် နှောင်းပိုင်းအတွင်း sync feature တွေစုံလင်အောင် ထည့်သွင်းပေးပါမယ်။ Edge ဟာ Chrome browser နဲ့ ဆင်တူပြီး Chrome extension တွေလည်း ထောက်ပံ့ထားပါတယ်။ Collections လိုမျိုး feature သစ်တွေက ဝက်ဘ်ဆိုက်က ဓာတ်ပုံတွေနဲ့ content တွေစုစည်းပေးပြီး ခြေရာခံမှုကို တားဆီးပေးပါတယ်။

Edge အတွင်း ဝက်ဘ်အပေါ် ခြေရာခံမှုကို ၃ ဆင့် ရွေးချယ်တားဆီးနိုင်ပါတယ်။ မူလ setting ကတော့ မလည်ပတ်ရသေးတဲ့ ဝက်ဘ်ဆိုက်တွေက tracker တွေကို ပိတ်ပင်ပေးပါတယ်။

စိုးထက်
Ref: TheVerge