Wi-Fi 6 နည်းပညာ

Wi-Fi 6 ဆိုတာကတော့ Wi-Fi နည်းပညာရဲ့ မျိုးဆက်သစ် အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို ခုနောက်ဆုံးထွက် Samsung Galaxy S10, iPhone 11 မှာ ထည့်သွင်း အသုံးပြုထားပါတယ်။ 802.11ac ကို Wi-Fi 5 လို့ နာမည်ပေးလို့ရသလို သူ့အရင် ၂၀၀၉ ကထွက်ခဲ့တဲ့ 802.11n ကိုလည်း Wi-Fi 4 ဆိုပြီး ခေါ်ဆိုကြပါတယ်။

ခုနောက်ဆုံးဗားရှင်းကိုတော့ Wi-Fi 6 လို့ခေါ်ပြီး Wi-Fi 6 ကို AX WiFi တစ်နည်း 802.11ax WiFi လို့လည်း သုံးနှုန်းပါသေးတယ်။ ဒီမျိုးဆက်သစ်ကို လက်ရှိ အသုံးပြုနေဆဲ 802.11ac WiFi စံထက် ပိုမို တိုးတက် ကောင်းမွန်အောင် တည်ဆောက်ထားတာ ဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးက ထုတ်ကုန်မျိုးစုံနဲ့လည်း အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ မိမိရဲ့ စမတ်ဖုန်း၊ Tablet PC ၊ Laptop တွေအပြင် VR ထုတ်ကုန်တွေ၊ စမတ်အိမ်သုံး ထုတ်ကုန်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Wi-Fi 6 ရဲ့ အမြင့်ဆုံး အချက်အလက်ကူးပြောင်းပေးနိုင်မှု အမြန်နှုန်းက Wi-Fi 5 ထက် ၄ဝ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပါတယ်။ ဒီနည်းပညာရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ TWT (Target wake time) က စမတ်ဖုန်း၊ Laptop နဲ့ အခြား Wi-Fi စနစ်သုံးထုတ်ကုန်တွေရဲ့ ဘက်ထရီသက်တမ်းကို ပိုမို ကြာကြာခံနိုင်စေမှာဖြစ်ပါတယ်။

Wi-Fi အသုံးပြုမှုများပြားတဲ့ အားကစားရုံ၊ လေဆိပ်၊ ဟိုတယ်၊ ဈေးဝယ်စင်တာနဲ့ ရုံးဌာနလို နေရာမျိုးမှာ လူတိုင်း Wi-Fi ချိတ်ဆက်အသုံးပြုတဲ့အခါ ပုံမှန်အားဖြင့် Wi-Fi ရဲ့ အင်တာနက်အမြန်နှုန်း နှေးကွေးသွားတတ်ပါတယ်။ Wi-Fi 6 မှာတော့ ဒီလိုမျိုး အများပြည်သူသုံးနေရာမျိုးတွေမှာ သုံးစွဲသူတိုင်းရဲ့ ထုတ်ကုန်ပေါ် မူတည်ပြီး Wi-Fi ရဲ့ အမြန်နှုန်းကို ပျှမ်းမျှအနေနဲ့ လေးဆပိုမိုမြန်ဆန်အောင် တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အများပြည်သူသုံး နေရာသာမကဘဲ ကွန်ဒိုခန်းတွေကနေလည်း Wi-Fi ကို အဆင်ပြေစွာ ချိတ်ဆက် အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

ဒီနည်းပညာက MU-MIMO အနေနဲ့လည်း 8×8 အထိ အမြင့်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ Wi-Fi ရဲ့ ဖြန့်လွှင့်နိုင်မှု အကျယ်အဝန်းကလည်း ပိုမိုကျယ်ပြန့်ပြီး 2.4GHz ကွန်ရက်နဲ့သာမကဘဲ 5GHz ကွန်ရက်အတွက်လည်း ထောက်ပံ့ ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် များပြားလှတဲ့ ချန်နယ်တွေ အနေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မယ် OFDMA (Orthogonal FrequencyDivision Multiple Access ) လုပ်ဆောင်လည်း ထောက်ပံ့ပါဝင်ပါသေးတယ်။

လက်ရှိဈေးကွက်ထဲမှာတော့ Wi-Fi 6 နည်းပညာပါဝင်တဲ့ Wi-Fi router တွေကို စတင်ကြေညာရောင်းချနေပြီ ဖြစ်ပါတယ်။ မကြာခင်မှာတော့ Tablet PC ၊ Laptop နဲ့ အခြား Wi-Fiစနစ်သုံးထုတ်ကုန်တွေမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း