Wi-Fi လုံခြုံရေး ပေါက်ကြားခဲ့ကြောင်း သုတေသီများ ပြောကြား

KRACK လို့ခေါ်တဲ့ exploit ဟာ Wi-Fi လုံခြုံမှုအတွင်း အားနည်းချက်တွေကို အသုံးချနိုင်တယ်လို့ လုံခြုံရေးသုတေသီတွေက အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ exploit ဟာ ကွန်ပျူတာနဲ့ wireless access point တွေအကြားက အင်တာနက်သုံးစွဲမှုတွေကို တိုက်ခိုက်သူတွေ စောင့်ကြည့်နိုင်ပါတယ်။

KRACK အကြောင်းကို Ars TEchnica က စတင်ဖော်ပြခဲ့တာဖြစ်ပြီး WPA2 လုံခြုံရေး လုပ်ထုံးလုပ်နည်းအတွင်းက အဓိကအားနည်းချက်တွေကို အသုံးချနိုင်တယ်လို့ သိရပါတယ်။

WPA2 လုံခြုံရေးစနစ်က တစ်ကိုယ်ရေနဲ့ လုပ်ငန်းသုံး Wi-Fi ကွန်ရက်တွေကို ကာကွယ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Wi-Fi ထောက်ပံ့မှုပါတဲ့ ထုတ်ကုန်တိုင်း ထိခိုက်နိုင်ကြောင်းနဲ့ Wi-Fi တိုက်ခိုက်မှု အမျိုးမျိုးကြောင့် Android ထုတ်ကုန် ၄၁ ရာခိုင်နှုန်းမှာ အားနည်းချက်တွေ ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသီတွေက သတိပေးခဲ့ပါတယ်။

Wi-Fi ထုတ်ကုန်တွေအားလုံးဟာ အားနည်းချက်တွေ ဖြစ်ပေါ်တဲ့အခါမှာ အကွာအဝေးတစ်ခုအတွင်းက တိုက်ခိုက်သူအနေနဲ့ ransomware code တွေထည့်သွင်းတာ ဒါမှမဟုတ် အချက်အလက်တွေကို ခိုးယူတာတွေ ပြုလုပ်နိုင်ပါတယ်။

Wi-Fi client တွေနဲ့ access point တွေအားလုံးအတွက် patch ထွက်ရှိတာနဲ့ ပြင်ဆင်ဖို့ သုတေသီတွေက အကြံပြုထားသလို WPA2 ကို patch မထွက်ခင်အချိန်ထိ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ WPA1 ဟာလည်း အားနည်းချက်ရှိပြီး WEP လုံခြုံရေးဟာလည်း ပိုမိုဆိုးဝါးတယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge