WhatsApp, Instagram နဲ့ Facebook အတွက်ငွေပေးချေမှု စနစ်သစ် Facebook Pay

Facebook ဟာ Facebook Pay အမည်ရ ငွေပေးချေမှု စနစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီငွေပေးချေမှုစနစ်သစ်ကို Facebook, Messenger, Instagram နဲ့ WhatsApp မှာအသုံးပြုနိုင်ပြီး Facebook ကထုတ်လုပ်တဲ့ နာမည်ကျော်လူမှုကွန်ရက်နဲ့ app တွေမှာ အသုံးပြုနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ သုံးစွဲသူက Facebook Pay ကိုအသုံးပြုပြီး သူငယ်ချင်းတွေဆီ ငွေလွှဲပေးတာ၊ ကုန်ပစ္စည်းတွေ ဝယ်ယူတာ ဒါမှမဟုတ် ရန်ပုံငွေရှာဖွေသူတွေကို ငွေကြေးလှူဒါန်းတာတွေ ပြုလုပ်နိုင်ပါတယ်။ အခုဝန်ဆောင်မှုက Facebook ရဲ့ Calibra wallet နဲ့ Libra ကွန်ရက်နဲ့ သီးခြားစီဖြစ်ကာ ရှိပြီးသား အခြေခံအဆောက်အအုံနဲ့ ပူးပေါင်းမှုအပေါ် တည်ဆောက်ခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

Facebook အနေနဲ့ အခုတစ်ပတ်မှာ အမေရိကန်နိုင်ငံအတွင်း Facebook နဲ့ Messenger ပေါ်မှာ Facebook Pay ကိုစတင်ဖြန့်ချိမယ်လို့ စီစဉ်ထားပါတယ်။ ကနဦးအနေနဲ့ ရန်ပုံငွေရှာသူတွေ၊ တစ်ဦးချင်းစီငွေပေးချေတာတွေ၊ ပွဲလက်မှတ်ရောင်းချမှုတွေ၊ ဂိမ်းအတွင်း ဝယ်ယူမှုနဲ့ Facebook ရဲ့ Marketplace ပေါ်မှာ လုပ်ကိုင်နေတဲ့ page တွေနဲ့ လုပ်ငန်းတွေက ဝယ်ယူမှုတချို့အတွက် ဝန်ဆောင်မှုကို ဖြန့်ချိသွားပါမယ်။

“အချိန်နဲ့အမျှ Instagram နဲ့ WhatsApp အတွက် အပါအဝင် လူတွေနဲ့ နေရာများစွာမှာ အသုံးပြုဖို့ Facebook Pay ကိုဖြန့်ချိသွားမယ်” လို့ Facebook ရဲ့ marketplace နဲ့ ကုန်သွယ်ရေးဒုဥက္ကဋ္ဌ ဒီဘိုရာလူက ပြောခဲ့ပါတယ်။

Facebook Pay က Facebook ဒါမှမဟုတ် Messenger app အတွင်းက settings ကဏ္ဍမှာ ပါဝင်လာပါမယ်။ Facebook Pay မှာ debit နဲ့ credit ကတ်အများစုနဲ့ PayPal ထောက်ပံ့ထားပါတယ်။ Facebook အနေနဲ့ Stripe, PayPal နဲ့ငွေပေးချေမှုအတွက် အခြားဝန်ဆောင်မှုတွေလည်း အသုံးပြုတယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge