WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာကိုမိတ်ဆက်

WhatsApp မှ ကမ္ဘာ့နေရာအနှံ့ နေရာတော်တော်များများမှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO), UNICEF, UNDP တို့နဲ့ ပူးပေါင်းပြီး WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာကို ကမ္ဘာ့နိုင်ငံအသီးသီးအတွက် စတင် မိတ်ဆက်လိုက်သလို Poynter Institute ရဲ့ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) ကိုလည်း အမေရိကန်ဒေါ်လာ (၁) သန်း လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

WhatsApp မှ မိတ်ဆက်ခဲ့တဲ့ whatsapp.com/coronavirus မှာ ဝင်ရောက်ကြည့်ရှု့နိုင်တဲ့ WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာကို ကျန်းမာရေးဝန်ထမ်းများ၊ အသိပညာပေးသူများ၊ လူမှုအဖွဲ့ ခေါင်းဆောင်များ၊ ပရဟိတအဖွဲ့များ၊ ဒေသတွင်းအစိုးရနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရိုးရှင်းလွယ်ကူပြီး လက်တွေ့အသုံးချနိုင်မယ့် ညွှန်ကြားချက်များ စုစည်းပေးထားမှာဖြစ်ကြောင်း အဆိုပါ သတင်းအချက်အလက် ဝက်ဘ်ဆိုက်မှာ ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများအတွက် အထွေထွေ သိမှတ်ဖွယ်ရာတွေနဲ့ သတင်းရင်းမြစ်များ ဝေမျှပေးမှာဖြစ်တဲ့အတွက် ကောလာဟလသတင်းပျံ့နှံ့မှုကို လျှော့ချနိုင်ပြီး တိကျမှန်ကန်တဲ့ ကျန်းမာရေးသတင်းတွေကို သိရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အချက်အလက်စင်တာမှာ WhatsApp နည်းပညာ လုပ်ဆောင်ချက်တွေနဲ့ အဖွဲ့လိုက် စုဝေးဆက်သွယ်နိုင်သော လွယ်ကူရိုးရှင်းတဲ့ ညွှန်ကြားချက်တွေနဲ့ အဆိုပါဒေသတွင်း အဖွဲ့ငယ်လေးများ ကြိုးပမ်းအားထုတ်မှုမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အတွက် အထောက်အပံ့ဖြစ်စေကြောင်း စသည်ဖြင့်ဖော်ပြထားပါတယ်။ ထို့အပြင် WhatsApp မှ WHO, UNICEF တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူအများ တိုက်ရိုက်ခေါ်ဆိုနိုင်မယ့် အရေးပေါ် ဆက်သွယ်ရေးနံပါတ်များ ထားရှိပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဆက်သွယ်ရေးလိုင်းများကို WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာမှာ ဖော်ပြထားမှာဖြစ်ပြီး ယုံကြည်ရတဲ့ သတင်းအချက်အလက်များ မျှဝေပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

WhatsApp အနေနဲ့ စင်ကာပူ၊ အစ္စရေး၊ တောင်အာဖရိက၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားနိုင်ငံများရှိ အသုံးပြုသူများအတွက် စိတ်ချယုံကြည်ရသော သတင်းအချက်အလက်များသိရှိနိုင်ကြစေရန် နိုင်ငံတော်အဆင့် ကျန်းမာရေးဝန်ကြီးဌာနများ၊ NGO များနှင့်ပူးပေါင်း၍ ပေးပို့မျှဝေခဲ့ကြောင်း ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး အချက်အလက်စင်တာမှာလည်း နောက်ဆုံးရ သတင်းရင်းမြစ်များကို မျှဝေသွားမှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ