Wearable နည်းပညာ

Wearable နည်းပညာကို နောက်တစ်နည်း wearable gadgets လို့လည်း ခေါ်ဝေါ်ပါသေးတယ်။ Wearable နည်းပညာထုတ်ကုန်ဆိုတာ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်ဖော်ပြပေးပြီး ဝတ်ဆင်နိုင်တဲ့ နည်းပညာဆိုင်ရာ ထုတ်ကုန်တွေအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ပထမဆုံးသော wearable ကွန်ပျူတာကို ၁၉၆၀ ပြည့်နှစ်မှာ အက်ဒဝပ်သော့ရ်ဆိုတဲ့ (Edward Thorp) သင်္ချာပါမောက္ခတစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။

Wearable နည်းပညာထောက်ပံ့ပါဝင်တဲ့ gedgets တွေမှာ သေးငယ်တဲ့ motion sensor တွေပါဝင်ပြီး ဓာတ်ပုံရိုက်တာ၊ အချက်အလက်တွေကို ဖုန်းနဲ့အလွယ်တကူ sync လုပ်ကာ ဖတ်ရှုနိုင်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ Wearable နည်းပညာက GPS စနစ်နဲ့ချိတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ကိုယ်ကာယလှုပ်ရှားမှုဆိုင်ရာ အဆင့်ဆင့်ကို ထောက်လှမ်းမှတ်သားပေးထားနိုင်ပါတယ်။ မှတ်သားထားတဲ့ အချက်အလက်ဆိုင်ရာကို ချက်ချင်းဖတ်ရှုနိုင်သလို နောက်မှအချိန်ယူကာ ဖတ်ရှုနိုင်အောင်ဖို့ ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်ပေးပါတယ်။

ဒီနည်းပညာရဲ့ အားသာချက်က ပေါ့ပါးပြီး အလုပ်မရှုပ်သလို သွားလေရာသယ်ဆောင်သွားဖို့အတွက်လည်း အရွယ်အစားအားဖြင့် သေးငယ်ကြပါတယ်။ ကျန်းမာရေးလိုက်စားသူတွေ များစွာ အသုံးဝင်လှသလို လုပ်ငန်းခွင်ကလူတွေအတွက်လည်း လုပ်ငန်းပိုမိုမြန်ဆန်စေမှာ ဖြစ်ပြီး မတူညီတဲ့လုပ်ငန်းခွင်အလိုက် လုပ်ဆောင်နိုင်မှု စွမ်းရည်ကိုလည်း မြင့်မားစေမှာဖြစ်တဲ့အပြင် မိမိကိုယ်ကို လုံခြုံမှုစိတ်ချမှု ပိုရှိစေတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့် Wearable နည်းပညာသုံးထုတ်ကုန်တွေက တစ်နှစ်ထက် တစ်နှစ် ဈေးနှုန်းပိုမို လျော့နည်းလာပေမယ့် မိမိတို့လုပ်ငန်းခွင်အတွက် အကိုက်ညီဆုံးဖြစ်စေတဲ့ လုပ်ဆောင်ချက်နည်းပညာတွေ ပါဝင်တဲ့ ထုတ်ကုန်မျိုးကတော့ ဈေးကြီးနေတတ်ကြပြန်ပါတယ်။ Wearable နည်းပညာ အသုံးပြုထုတ်ကုန်တွေက နေ့စဉ် လူမှုမီဒီယာအသုံးပြုကာ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် အဆင်ပြေလှတဲ့ ထုတ်ကုန်ဖြစ်သလို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ မှတ်သားသိမ်းဆည်းနိုင်တဲ့ ထုတ်ကုန်တွေဖြစ်ပေမယ့်လည်း သူ့ရဲ့ အချက်အလက် လုံခြုံမှုအပိုင်းကတော့ အပြည့်အဝ လုံခြုံမှုမရှိနိုင်တာက ဒီထုတ်ကုန်ရဲ့ အားနည်းချက်လို့ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဟက်ကာတွေအနေနဲ့ မိမိရဲ့ တစ်ကိုယ်ရေဆိုင်ရာ အချက်အလက်တွေကို ရည်ရွယ်ချက်တစ်ခုအတွက် ရယူကာ အသုံးပြုနိုင်တာကြောင့် ဖြစ်ပါတယ်။

အနာဂတ်မှာတော့ ဒီနည်းပညာသုံး ထုတ်ကုန်တွေကို တွင်ကျယ်စွာ အသုံးပြုလာနိုင်သလို လုံခြုံရေးပိုင်းလည်း ပိုမိုမြင့်မားကောင်းမွန်လာနိုင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်လောက်မှာဆိုရင်တော့ Wearable နည်းပညာ အသုံးပြုသူတွေထဲက ၁၀ ရာခိုင်နှုန်းရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

-ရဲထွဋ်ဝင်း