Wear OS ဆိုတာ

Wear OS ဆိုတာ ဂူဂဲလ်ရဲ့ Wear OS လို့လူသိများပြီး ယခင်က Android Wear လို့ ခေါ်ဝေါ်ခဲ့တဲ့ Google ရဲ့ Android operating system ဗားရှင်းဖြစ်ပါတယ်။ စမတ်နာရီတွေနဲ့ အခြားဝတ်ဆင်နိုင်တဲ့ပစ္စည်းတွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ OS ဖြစ်သလို မိုဘိုင်းဖုန်းတွေနဲ့ အတူတွဲဖက်ပြီး အသုံးပြုနိုင်မယ့် OS လည်းဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ Android ဗားရှင်း 4.4 နဲ့အထက် iOS ဗားရှင်း 9.3 နဲ့အထက်ကနေ စတင်တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ OS မှာ Google ရဲ့ Assistant နည်းပညာနဲ့ စမတ်နာရီလုပ်ဆောင်ချက်ဆိုင်ရာတွေ ပါဝင်ပါတယ်။

Wear OS က Bluetooth, Wi-Fi, 3G နဲ့ LTE ဆက်သွယ် အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပြီး အသုံးပြုလိုက်တဲ့ App ပေါ်မူတည်ပြီး အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေကတော့ ကွာခြားတယ်လို့ သိရပါတယ်။ ဒီ OS က နာရီမျက်နှာပြင်ကို အဝိုင်း၊ စတုရန်းနဲ့ ထောင့်မှန်စတုဂံပုံတွေ ပြောင်းလဲအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒီ OS ရဲ့ ဟာ့ဒ်ဝဲထုတ်လုပ်မှု မိတ်ဖက်တွေကတော့ Asus, Broadcom, Fossil, HTC, Intel, LG, MediaTek, Imagination Technologies, Motorola, New Balance, Qualcomm, Samsung, Huawei, Skagen, Polar, TAG Heuer နဲ့ Mobvoi တို့ဖြစ်ပါတယ်။

ဒီ platform ကို developer preview အနေနဲ့ မတ်လ ၁၈ ရက် ၂၀၁၄ မှာ ဖြန့်ချိမှုနဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Motorola, Samsung, LG, HTC နှင့် Asus စတဲ့ ကုမ္ပဏီတွေကို မိတ်ဖက်အဖြစ် ကြေညာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ Google I / O မှာ Samsung Gear Live နှင့် LG G Watch ထုတ်ကုန်တွေကို Android Wear အကြောင်း အသေးစိတ်နဲ့အတူ စတင်ထုတ်ဖော်ပြသခဲ့ပြီး LG G Watch က Android Wear စမတ်နာရီဖြစ်ပြီး ပထမဆုံးထွက်ရှိလာတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Motorola ရဲ့ Moto 360 ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်မှာ ဖြန့်ချိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ update face စတင်ထွက်ပေါ်လာပါတယ်။ watch face API အပါအဝင် အင်္ဂါရပ်အသစ်တွေကိုထည့်သွင်းပြီး Android 5.0 “Lollipop” ကို အခြေခံထားတဲ့ ဆော့ဖ်ဝဲကိုပြောင်းလဲခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှာ Google က Wear OS လည်ပတ်တဲ့စမတ်နာရီတွေကတစ်ဆင့် iOS အသိပေးချက်တွေကို လက်ခံနိုင်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့ iOS version 8.2 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အသုံးပြုသူတွေက သူတို့ရဲ့ ဖုန်းကိုထိန်းချုပ်ဖို့ Wear OS နာရီကိုသုံးနိုင်မှာဖြစ်ပါတယ်။ နာရီက ဖုန်းကို သီချင်းဖွင့်ခိုင်းတာမျိုး အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်သလို နာရီမျက်နှာပြင်ကနေ play-control၊ အသံအတိုးအကျယ်၊ သီချင်းပြောင်း စတာတွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Wear OS ဗားရှင်း ၂.၁၆ ကစပြီး သုံးစွဲသူတွေက ဖုန်းမှာရှိတဲ့ Android Assistant နှင့်ဆင်တူတဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ကို Assistant စနစ်ကတစ်ဆင့် အသုံးပြုနိုင်ဖို့ နာရီမြင်ကွင်းကို ညာဘက်ကိုတွန်းဖွင့်နိုင်သလို Google Fit အချက်အလက်တွေကို ပြသဖို့အတွက် မြင်ကွင်းဘယ်ဘက်ကို ပွတ်ဆွဲကာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထိ Wear OS ကို Android Wear လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်အထိ Wear OS အတွက် application ၁၀ သန်းမှ သန်း ၅၀ ကြားရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ မတ်လအတွင်းမှာပဲ Android Wear ကို Wear OS ဆိုပြီး ပြန်လည်ပြောင်းလဲကြေညာခဲ့ပါတယ်။ လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီက နောက်ဆုံးထွက်ရှိတဲ့ Wear OS ရဲ့ဗားရှင်းကတော့ Ver 2.32 ဖြစ်ပါတယ်။ လက်ရှိဗားရှင်းမှာတော့ အသိပေးချက်တွေကို နာရီကနေ စစ်ဆေးနိုင်တဲ့အပြင် ပြက္ခဒိန်၊ ပွဲ၊ ရာသီဥတု အခြေအနေ၊ နလုံးခုန်နှုန်းစစ်ဆေးခြင်း၊ သတင်းခေါင်းကြီးပိုင်းဖတ်ရှုခြင်း၊ Timer စနစ်ကို မိမိအလိုရှိသလို ပြောင်းလဲခြင်း စတာတွေကို Wear OS ကတစ်ဆင့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း