Wave Money မှ အသုံးပြုသူခွင့်ပြုချက် မပါဘဲ ငွေထုတ်ယူခြင်းခံရသည့်ကိစ္စနှင့် ပတ်သက်​၍ သတင်းထုတ်ပြန်

အသုံးပြုသူရဲ့ ခွင့်ပြုချက် မပါဘဲ ငွေထုတ်ယူခြင်းနဲ့ ပတ်သက်​ပြီး Wave Money မှ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့သောရက်များအတွင်း ၎င်းတို့ရဲ့ လုံခြုံရေးစနစ်မှ တွေ့ရှိချက်အရ အနည်းငယ်သော WavePay အကောင့်တို့မှ အကောင့်အသုံးပြုသူရဲ့ ခွင့်ပြုချက် မပါဘဲ ငွေများ ထုတ်ယူခြင်းခံခဲ့ရပြီး အဆိုပါ ထုတ်ယူသွားသော ငွေများအား Wave Money မှ အသုံးပြုသူများထံသို့ အလိုအလျောက် ပြန်လည် ဖြည့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ Wave Money အနေဖြင့် ဆုံးရှုံးနစ်နာခဲ့ရသော အဆိုပါ အကောင့်အနည်းငယ်ကိုလည်း ပြန်လည်ပြုပြင်ပြီး အဆိုပါဖြစ်စဉ်မှ ထိခိုက်နစ်နာမှုရှိခဲ့သူများ အားလုံး ကိုလည်း တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ်လျက်ရှိတဲ့ နည်းပညာဆိုင်ရာ အခက်အခဲအတွက် အဖြေရရှိရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ဒါ့အပြင် ဥပဒေရေးရာ အဖွဲ့အစည်း​တွေနဲ့ ပူးပေါင်းပြီး လိုအပ်တာ​တွေကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Wave Money သည် လုံခြုံရေးကို အလွန်အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နည်းပညာထိန်းချုပ်မှုများမှ တစ်ဆင့် ဖြစ်ပေါ် လျက်ရှိသော နည်းပညာဆိုင်ရာ အခက်အခဲများကို အခြားသော သုံးစွဲသူများထံသို့ သက်ရောက်မှု မရှိစေဖို့ ဖြေရှင်းဆောင်ရွက်ထားပြီးဖြစ်ကာ အထက်ပါ အကြောင်းကိစ္စနှင့် ပတ်သက်ပြီး Wave Money အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကြောင်းကြားတင်ပြထားပြီး ဖြစ်သလို ၎င်းတို့အ​​နေနဲ့ မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခု အနေဖြင့် ရှိသင့်ရှိထိုက်သော တာဝန်ယူမှုနှင့် လုံခြုံစိတ်ချရသော စံနှုန်းများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««