Wave Money မှ COVID-19 ကာလအတွင်း ဝန်ဆောင်ခပေးအပ်စရာ မလိုသည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိ

COVID-19 ကာလအတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဥရောပသမဂ္ဂ ၊ လူသားချင်းစာနာထောက်ထားမှု တိုးတက်ရေးဆိုင်ရာ Peace Nexus Response Mechanism (NRM) နဲ့ ကုလသမဂ္ဂ စီမံကိန်းများဆိုင်ရာရုံးမှ ဦးစီးသော မြန်ကူအရေးပေါ် ထောက်ပံ့ငွေစီမံကိန်း၊ ဒို့အိမ်နှင့် MultiVerse Advertising တို့မှ ဦးစီးသော လမ်းဘေးစျေးသည်များ အား ကူညီထောက်ပံ့ပေးလျက်ရှိတဲ့ “I Do Nation” ကမ်ပိန်း၊ မင်းသာ ဇဏ်ခီ နဲ့ Central Base Production မှ ဦးစီးသော FCPN ထောက်ပံ့ငွေပေးအပ်တဲ့ စီမံကိန်းတွေကို ဒီဂျစ်တယ်ပလက်ဖောင်းမှ တစ်ဆင့် ဝန်ဆောင်ခပေးအပ်စရာမလိုဘဲ အခမဲ့ ငွေကြေးလွှဲပြောင်းပေးနိုင်ရန် Wave Money မှ ကူညီပံ့ပိုးလျက် ရှိတယ်လို့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Wave နဲ့အတူလက်တွဲကူ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ပူးပေါင်းကာ PCNC COVID Donation ပလက်ဖောင်းကို WavePay အက်ပလီကေးရှင်းမှာ ထည့်သွင်းခဲ့ပြီး အများပြည်သူများမှ အလှူငွေများထည့်ဝင်နိုင်စေဖို့ လုပ်ဆောင်လျက်ရှိကာ အဆိုပါ ရန်ပုံငွေမြှင့်တင်ရေး အစီအစဉ်ကို (၂) လတာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ COVID-19 သံသယလူနာများ စောင့်ကြည့်ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတင်းများဖြန့်ချိခြင်းနဲ့ လိုအပ်သော ဆေးပစ္စည်းများ ဝယ်ယူတင်သွင်းခြင်း တို့အတွက် အဆိုပါလှူငွေများကို အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

WavePay အက်ပလီကေးရှင်းမှ တစ်ဆင့် လူလူချင်းထိတွေ့မှု လျှော့ချပြီး လုံခြုံစိတ်ချရသော နည်းလမ်းဖြင့် လှူဒါန်းမှုများကို အကျိုးခံစားရသူများ ထံ တိုက်ရိုက်ပေးပို့နိုင်အောင် ဆောင်ရွက်လျက်ရှိတဲ့အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဓမ္မရောင်ခြည်၊ နှင်းဆီကုန်း စတဲ့ COVID-19 တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့တွင် ပါဝင်လုပ်ကိုင်နေကြသော အဖွဲ့အစည်း များသို့ တိုက်ရိုက်လှူဒါန်းမှူများ လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း