WannaCry ransomware တိုက်ခိုက်မှုရဲ့ နောက်ကွယ်တရားခံက မြောက်ကိုရီးယားဖြစ်ကြောင်း အမေရိကန် ထုတ်ပြန်

မြောက်ကိုရီးယားအနေနဲ့ မေလအတွင်းက WannaCry ransomware ဆိုက်ဘာတိုက်ခိုက်မှုကို ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့အောင် ပြုလုပ်ပြီး ဘဏ္ဍာရေးကို ဖရိုဖရဲဖြစ်အောင် ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

WannaCry ဆိုက်ဘာတိုက်ခိုက်မှုဟာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာအတွင်းက ဆေးရုံတွေ၊ ကုမ္ပဏီနဲ့ အခြားအရေးပါတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ကြေညာချက်ဟာ Wall Street Journal အတွင်း ထင်မြင်ချက် ဆောင်းပါးအဖြစ် ပါဝင်လာပြီး ဆောင်းပါးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိမြေလုံခြုံရေးအကြံပေး သောမတ်စ်ဘော့ဆာ့တ်က ရေးသားထားတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ကြေညာချက်ထုတ်ပြန်မယ့်သတင်းကို The Washington Post ကလည်းဖော်ပြခဲ့ပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီအနေနဲ့ WannaCry တိုက်ခိုက်မှုနောက်ကွယ်မှာ မြောက်ကိုရီးယား ရှိတယ်လို့ ညွှန်ပြနေတဲ့ သက်သေတွေ ပိုင်ဆိုင်ထားတယ်လို့ The Washington Post က ဇွန်လမှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရပ်ခြားအစိုးရတွေ၊ သီးခြား ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီတွေနဲ့ တိုက်ခိုက်မှုကြုံတွေ့ခဲ့ရတဲ့ ကော်ပိုရေးရှင်းတွေက ရရှိတဲ့ သက်သေတွေ အထောက်အပံ့နဲ့ NSA ရဲ့တွေ့ရှိမှုစတာတွေနဲ့ မြောက်ကိုရီးယား ပါဝင်မှုကို အတည်ပြုနိုင်ခဲ့တယ်လို့ ဘော့ဆာ့တ်ရဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

“ဒီပြောကြားချက်ကို ကျွန်တော် လက်လွတ်စပယ်မလုပ်ပါဘူး။ သက်သေတွေအပေါ် အခြေခံပါတယ်။ ကျွန်တော်တို့တွေ့ရှိတဲ့ သက်သေတွေအပြင် အခြားအစိုးရတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ သက်သေတွေလည်း ပါဝင်ပါတယ်။ ယူကေကလည်း မြောက်ကိုရီးယား တိုက်ခိုက်မှုကို အတည်ပြုခဲ့သလို Microsoft ကလည်း တိုက်ခိုက်မှုကို မြောက်ကိုရီးယားအစိုးရရဲ့ ဆိုက်ဘာအဖွဲ့ဝင်အထိ ခြေရာခံနိုင်ခဲ့ပါတယ်။ WannaCry ကြောင်ြ့ဖစ်လာတဲ့ ကိစ္စတွေနဲ့ ဂယက်တွေက စီးပွားရေးကဏ္ဍတင် မဟုတ်ပါဘူး။ ယူကေရဲ့ ကျန်းမာရေး ကဏ္ဍတွေက ကွန်ပျူတာတွေ ထိခိုက်ခဲ့သလို လုပ်ငန်းပြန်လည် လည်ပတ်နိုင်ဖို့ စနစ်တွေကို ပြန်ညှိခဲ့ရပါတယ်။ အဲဒီဖျက်လိုဖျက်ဆီးလုပ်ရပ်တွေက အသက်ပေါင်းများစွာကို ဆုံးရှုံးစေနိုင်ပါတယ်” ” လို့ ဘော့ဆာ့တ်က ရေးသားခဲ့ပါတယ်။

ထရမ့်အစိုးရဟာ WannaCry ကိစ္စကိုအသုံးချပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်မလားဆိုတာတော့ မသိရသေးပါဘူး။

စိုးထက်
Ref: TheVerge