WannaCry ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် မြောက်ကိုရီးယားပါဝင်ကြောင်း ယူကေလုံခြုံရေးဝန်ကြီး ပြောကြား

အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုကို တိုက်ခိုက်ခဲ့တဲ့ WannaCry ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွက်က အဓိက တာဝန်ရှိသူမှာ မြောက်ကိုရီးယား ဖြစ်တယ်လို့ ယူကေလုံခြုံရေးဝန်ကြီးက လူသိရှင်ကြား ပြစ်တင်ခဲ့ပါတယ်။ အဲဒီ ransomware တိုက်ခိုက်မှု နောက်ကွယ်မှာရှိတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်ဟာ မြောက်ကိုရီးယားဖြစ်တယ်လို့ ယုံကြည်ကြောင်း ယူကေရဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီး ဘန်ဝေါလေ့စ်က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မေလအတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ အများစုက ပြစ်တင်ဝေဖန်ထားကြပါတယ်။ Microsoft ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဘရတ်စမစ်ကလည်း WannaCry တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။

“အခုတိုက်ခိုက်မှုက နိုင်ငံရပ်ခြားတိုင်းပြည်က လာတယ်လို့ ကျွန်တော်တို့ လုံးဝယုံကြည်ပါတယ်။ ကမ္ဘာတစ်ဝန်း ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့နိုင်ငံက မြောက်ကိုရီးယားဖြစ်တယ်” လို့ ဘန်ဝေါလေ့စ်က BBC Radio 4 ရဲ့ အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “မြောက်ကိုရီးယားဖြစ်တယ်ဆိုတာ သေချာသလောက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးနဲ့ အခြားနိုင်ငံတော်တော်များများကလည်း တိုက်ခိုက်မှုနောက်ကွယ်မှာ မြောက်ကိုရီးယား ပါဝင်တယ်လို့ ယုံကြည်ထားပါတယ်” လို့ဘန်ဝေါလေ့စ်က ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယားဟာ နိုင်ငံရပ်ခြားငွေကြေးရှာဖွေနေပြီး အခြားတိုက်ခိုက်မှုတွေနဲ့လည်း ဆက်စပ်နေပါတယ်” လို့ ဘန်ဝေါလေ့စ်က မှတ်ချက်ချခဲ့ပါတယ်။ WannaCry တိုက်ခိုက်မှုကြောင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုစနစ်တွေ အကြီးအကျယ်ပျက်စီးခဲ့ပါတယ်။ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအနေနဲ့ အခြေခံနည်းပညာလုံခြုံရေး အတားအဆီးတွေ ပြုလုပ်ထားရုံနဲ့ တိုက်ခိုက်မှုကို ဟန့်တားနိုင်မယ်လို့ စုံစမ်းစစ်ဆေးမှုက သုံးသပ်ခဲ့ပါတယ်။

စိုးထက်
Ref: DailyMail