W1 ချစ်ပ်ပါဝင်တဲ့ Beats Studio 3 နားကြပ်သစ်များကို Apple ဖြန့်ချိ

Apple ဟာ W1 ချစ်ပ်ပါဝင်တဲ့ Beats Studio 3 နားကြပ်သစ်တွေကို ၃၄၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ နားကြပ်မော်ဒယ်သစ်မှာ ပါဝင်တဲ့ W1 ချစ်ပ်ဟာ iPhone, iPad, Mac နဲ့ Apple Watch တွေနဲ့ အလိုအလျောက်ချိတ်ဆက်ဖို့ အထောက်အပံ့ပေးသွားမှာပါ။ ဘက်ထရီသက်တမ်းကလည်း နာရီ ၄၀ အထိ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် Studio 3 စီးရီးတွေမှာ noise cancelling လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ နားကြပ်က ပတ်ဝန်းကျင်က အသံတွေကို နားထောင်ပြီး ဆူညံမှုပမာဏကို algorithm နဲ့ထိန်းညှိသွားမှာပါ။ ဆူညံသံလျှော့ချမှု လုပ်ဆောင်ချက်ဖွင့်ထားရင် ဘက်ထရီသက်တမ်းက ၂၂ နာရီပဲ အသုံးပြုနိုင်တော့မှာပါ။

Studio 3 နားကြပ်ဒီဇိုင်းက Studio 2 နဲ့တူပေမယ့်လည်း အတွင်းပိုင်းနဲ့ နားကြပ်ကူရှင်တွေကို သက်သောင့်သက်သာရှိအောင် ပြောင်းလဲထားပြီး တစ်နေ့လုံး အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။

နားကြပ်ရဲ့ noise cancellation လုပ်ဆောင်ချက်ဟာ ပြိုင်ဘက်တွေထက် သာလွန်တယ်လို့ Beats ကပြောခဲ့ပါတယ်။ Studio 3 နားကြပ်မှာ W1 ချစ်ပ်ပါဝင်လာတဲ့အတွက် Apple ထုတ်ကုန်တွေနဲ့ချိတ်ဆက်နိုင်သလို ဘယ် Bluetooth ထုတ်ကုန်နဲ့မဆိုလည်း အသုံးပြုနိုင်ပါတယ်။

နားကြပ်တွေကို အနီ၊ အနက်၊ အဖြူ၊ ပန်းရောင်၊ အပြာနဲ့ မီးခိုးဆိုပြီး အရောင် ၆ မျိုးနဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ မီးခိုးရောင်မှာ ရွှေရောင်ဖြည့်စွက်ထားတဲ့ မော်ဒယ်ကိုတော့ ကန့်သတ်အရေအတွက်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: 9to5Mac