Vsmart ဖုန်းထုတ်လုပ်သည့် Vinsmart စက်ရုံလေ့လာရေး

ပြည်တွင်း မိုဘိုင်းဈေးကွက်ထဲမှာ ဗီယက်နမ်နိုင်ငံထုတ် မိုဘိုင်းဖုန်း မော်ဒယ်နှစ်မျိုး ရှိပါတယ်။ တစ်ခုက Bphone ဖြစ်ပြီး နောက်တစ်ခုက Vsmart အမှတ်တံဆိပ်ဖြစ်ပါတယ်။ Vsmart ဖုန်းတွေကို ဗီယက်နမ်မှာပဲ ဖန်တီးထုတ်လုပ်တာဖြစ်ပြီး တချို့သော နည်းပညာတွေကို ဝယ်ယူအသုံးပြုထားတာက လွဲရင် ဖုန်းတစ်လုံး လုံးရဲ့ လိုအပ်တဲ့အစိတ်အပိုင်း၊ ထုတ်ကုန်ရဲ့ အရည်အသွေးဆိုင်ရာ မှန်သမျှကို ဗီယက်နမ်က စက်ရုံမှာပဲ စမ်းသပ်ပြုပြင် တပ်ဆင်ထုတ်လုပ်တဲ့ Made in Vietnam ဖုန်း ဖြစ်ပါတယ်။

Vsmart ဖုန်းတွေကို ပြည်တွင်းမှာ တစ်ဦးတည်း တရားဝင်ဖြန့်ချိကိုယ်စားလှယ်ကတော့ Strong Source Holding ကုမ္ပဏီလီမိတက် ဖြစ်ပါတယ်။ Vsmart နဲ့ Strong Source Holding တို့က ပူးပေါင်းပြီး စီစဉ်တဲ့ ဗီယက်နမ်က Vsmart ဖုန်းထုတ်လုပ်တဲ့ Vinsmart စက်ရုံလေ့လာရေးခရီးကို အင်တာနက်ဂျာနယ် အနေနဲ့ လိုက်ပါဖို့ ဖိတ်ကြားခံရတဲ့အတွက် ဗီယက်နမ်ကို နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်အထိ လိုက်ပါခဲ့ပါတယ်။ ဒီခရီးစဉ်မှာ အင်တာနက်ဂျာနယ်က အကြီးတန်းသတင်းထောက် ကျွန်တော် ရဲထွဋ်ဝင်းအပြင် ပြည်တွင်းက အွန်လိုင်းမီဒီယာ၊ ပုံနှိပ်မီဒီယာတွေနဲ့ Vsmart ရဲ့ အထူး အရောင်းကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

ကျွန်တော်တို့ လေ့လာရေးအဖွဲ့အနေနဲ့ နိုဝင်ဘာလ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွါခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်မှာ Vinsmart စက်ရုံလေ့လာရေး သွားရောက်ခဲ့ပါတယ်။

Vinsmart စက်ရုံလေ့လာရေးသွားရင်းနဲ့ သိခဲ့ရတာက Vinsmart လုပ်ငန်းရဲ့ စမတ်ဖုန်း ထုတ်လုပ်မှုဆိုတာက VinGroup Corporate ရဲ့ လက်အောက်က လုပ်ငန်းခွဲတစ်ခု ဖြစ်တယ်ဆိုတာရယ်၊ VinGroup ကို ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ VinGroup က Vinhomes Smart City လုပ်ငန်းနဲ့အတူ VinTech လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ VinTech လုပ်ငန်းက အီလက်ထရွန်းနစ် ထုတ်ကုန်တွေနဲ့ Vsmart စမတ်ဖုန်းတွေကို ထုတ်လုပ်တာဖြစ်ပြီး ဒီထုတ်ကုန်တွေကို Vinsmart စက်ရုံမှာ ထုတ်လုပ်တာဖြစ်ပါတယ်။ Vsmart စမတ်ဖုန်းကို မော်ဒယ်လေးမျိုး အရင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် Vsmart အမှတ်တံဆိပ် Live, Joy 2+, Star, Bee, Active 1+, Joy 1+, Active 1, Joy 1 ဆိုတဲ့ မော်ဒယ် ၈ မျိုးအထိကို ထုတ်လုပ်ပြီး ဖြစ်ပါတယ်။

Vinsmart စက်ရုံကတော့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရဲ့ Hi-tech Industrial Park 1, Hoa Lac Hi-tech park Ha Bang Commune မှာ တည်ရှိပြီး Hoa Lac Hi-tech Park က ဗီယက်နမ်၊ ဟနွိုင်းမြို့ရဲ့ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်သလို ဧရိယာအကျယ်အဝန်းအားဖြင့် ၁၅၈၆ ဟက်တာ (ဧက ၄၀၀၀ ခန့်) ရှိပါတယ်။ Vinsmart စက်ရုံရဲ့ အကျယ်အဝန်းက ၁၅ ဟက်တာရှိပြီး ဒီအကျယ်အဝန်းထဲမှာ စက်ရုံနှစ်ခုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိတည်ဆောက်ထားတဲ့ Vinsmart စက်ရုံက ဧရိယာ အကျယ်အဝန်း ၅ ဟက်တာရှိပါတယ်။ ဒုတိယစက်ရုံကတော့ အကျယ်အဝန်း ၁၀ ဟက်တာရှိမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလထဲမှာ စတင် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီစက်ရုံတွေကို ဟနွိုင်းစင်တာကနေ ဆိုရင် ကီလိုမီတာ ၃ဝ အကွာမှာရှိတာ ဖြစ်ပြီး ကားနဲ့ သွားမယ်ဆိုရင်တော့ မိနစ် ၃၀ ခန့်သွားရမှာ ဖြစ်ပါတယ်။ Noi Bai လေဆိပ်ကနေဆိုရင်တော့ ၅၅ ကီလိုမီတာခန့် ဝေးတဲ့အတွက် ၁ နာရီဝန်းကျင်ခန့် သွားရမှာဖြစ်ပြီး hai Phong ဆိပ်ကမ်းကနေဆိုရင် တော့ ကီလိုမီတာ ၁၆၀ ခန့် ဝေးတဲ့အတွက် ကုန်တင်ကားနဲ့ဆိုရင်တောင် ၂ နာရီနဲ့ မိနစ် ၃၀ လောက် သွားရမှာပါ။

Vinsmart စက်ရုံက ၂၁,၅၀၀ စကွဲယားမီတာ အကျယ်အဝန်းရှိတဲ့ အထပ် ၂ ထပ်ပါ အဆောက်အဦ ၂ ခု ရှိပြီး မြေညီထပ်မှာ စမတ်ဖုန်းကို ထုတ်လုပ်ပြီးတော့ TV နဲ့ လေအေးပေးစက်ကိုတော့ ပထမထပ်မှာ ထုတ်လုပ်တပ်ဆင်တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီစက်ရုံကနေ တစ်ရက်ကို ဖုန်းအလုံးရေ တစ်ရက်ကို ၇၀၀၀၀ ခန့် ထုတ်လုပ်လျက်ရှိတယ်လို့ Vinsmart စက်ရုံရဲ့ QC Manager ဖြစ်သူ P.T. Thang က ပြောပါတယ်။

ကျွန်တော်တို့အဖွဲ့ လေ့လာခဲ့တာကတော့ မြေညီထပ်က စမတ်ဖုန်းထုတ်လုပ်တဲ့အပိုင်း သီးသန့်ဖြစ်ပါတယ်။ စမတ်ဖုန်းစမ်းသပ်မှုမှာ အကြမ်းခံနိုင်မှု စစ်ဆေးမှု Endurance Test ၊ အစိတ်အပိုင်း Hardware Test ၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုပိုင်း Environmental Test နဲ့ စက်ပစ္စည်းရဲ့ အလုံးစုံ အသုံးပြုနိုင်မှု Machenical Test စတဲ့ ကဏ္ဍလေးခုအောက်ကနေ အရည်အသွေးစမ်းသပ်မှုတွေကို ပြုလုပ်ပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ ထုတ်လုပ်မှုပိုင်းမှာ IT Infrastructor, RF & Antenna, Connectivity, Reliabilit, HW/Mech/Design, System & Perf, Automation, Camera, Audio စတဲ့ အရည်အသွေးပိုင်းဆိုင်ရာ မော်ဂျူး ၁၀ ခုခန့်ကို မိုဘိုင်းဖုန်းဖွံ့ဖြိုးတိုးတက်မှု စက်မှုလက်မှုသိပ္ပံက အင်ဂျင်နီယာ ၃၀၀ ခန့်က လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မတော်တဆ ဖုန်း လက်ကနေ ပြုတ်ကျတဲ့ အကြမ်းခံနိုင်မှု LCD မော်ဂျူး ရဲ့ ခံနိုင်ရည် စမ်းသပ်မှုကို ၈၀ စင်တီမီတာ အမြင့်ကနေ အကြိမ် ၂၀ ခန့် ပစ်ချတာတွေ၊ Touchscreen ရဲ့ လုပ်ဆောင်နိုင်မှု၊ ပတ်ဝန်းကျင်အသံတွေကြားမှာ ဖုန်းပြောမှုကို ဖုန်းပြောတဲ့အခါမှာ အသံပိုင်း ကြည်လင်စွာကြားရမှု ပြောဆိုနိုင်မှု စတဲ့ အင်တာနာပိုင်းစမ်းသပ်မှု၊ အဆင့်ဆင့် တပ်ဆင်မှု၊ ဘက်ထရီပိုင်း စမ်းသပ်မှု၊ Sensor နဲ့ ကင်မရာစနစ်တွေရဲ့ လုပ်ဆောင်မှု စတာတွေအပြင် ထုပ်ပိုးမှုပိုင်းက ဖုန်းကို အဆင့်ဆင့် သေသပ်စွာ ထုပ်ပိုးမှု စတာတွေကို မျက်ဝါးထင်ထင် လေ့လာခဲ့ရတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

QC (Quality control) အနေနဲ့ Vsmart ဖုန်းတွေက TL 9000, ISO 9001, ISO 14001 စံနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာပဲ VinSmart စက်ရုံက telefication နဲ့ပတ်သက်ပြီး CE Certification ကို ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ မှာ BSI ရဲ့ ISO 9001 : 2015 နဲ့ TL 9000 : 2016 အသိအမှတ်ပြု လက်မှတ်တွေကို ရရှိခဲ့ပြီး နိုဝင်ဘာမှာတော့ Bureau Veritas ရဲ့ ISO 14001 : 2015 နဲ့ ISO 45001 : 2018 လက်မှတ်တွေ ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာပြည်ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Bphone နဲ့ Vsmart ဒီဖုန်းနှစ်မျိုးစလုံးက ဗီယက်နမ်နိုင်ငံထုတ် ဖြစ်ပေမယ့် ဗီယက်နမ်နိုင်ငံသားတိုင်း ယုံကြည်စွာ သုံးစွဲကြတဲ့ အမှတ်တံဆိပ်ကတော့ Vsmart ဖြစ်တယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ Vsmart ဖုန်းထုတ်လုပ်တဲ့ VinGroup က ဗီယက်နမ်မှာ Five-star နဲ့ resort ဟိုတယ်လုပ်ငန်း၊ ဈေးဝယ်စင်တာ၊ စတော့ပ်လုပ်ငန်း၊ နိုင်ငံတကာပညာရေး၊ အိမ်ရာလုပ်ငန်း၊ ဥယျာဉ်ခြံမြေ၊ စမတ်အိမ်ရာလုပ်ငန်း၊ အပန်းဖြေစခန်း စတဲ့ လုပ်ငန်းတွေအပြင် ဗီယက်နမ်နိုင်ငံမှာတင် ထုတ်လုပ်တဲ့ VinFast လို့ခေါ်တဲ့ ကားထုတ်လုပ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိသလို ဗီယက်နမ်နိုင်ငံသားတွေက သူတို့ထုတ်ကုန်ရဲ့ အရည်အသွေးကို နှစ်သက်တဲ့အတွက် အများစုက အသုံးပြုကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Vinsmart စက်ရုံကို လေ့လာပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ လေ့လာရေးလိုက်ပါသူတွေအဖွဲ့က ဗီယက်နိုင်ငံရဲ့ သမ္မတဖြစ်တဲ့ ဟိုချီမင်းဂူဗိမာန်ကို သွားရောက်လေ့လာခဲ့ကြပါ တယ်။ နောက်တစ်ရက် ဒီဇင်ဘာ ၁ ရက် Sweet December မှာ တော့ UNSCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းကို နှစ်ကြိမ်တိတိ သတ်မှတ်ခံထားရတဲ့ ဟာလောင်း ပင်လယ်အော်ထဲကို သွားရောက်လေ့လာခဲ့ပြီး အပြန်မှာတော့ VinGroup ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ VinCom Mega Mall ဈေးဝယ်စင်တာကို သွားရောက်ခဲ့ကြပါတယ်။

ခရီးစဉ်မှာလိုက်ပါခဲ့ကြတဲ့ အရောင်းကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အရတော့ Vsmart ဖုန်းတွေက ဈေးနှုန်း သင့်တင့်မျှတမှုရှိသလို စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ပြီး ဒီဇိုင်းပိုင်းက သေသပ်လှပမှုရှိတဲ့အတွက် ပြည်တွင်းက သုံးစွဲသူတွေအနေနဲ့ နှစ်သက်ကြတယ်လို့ဆိုပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Vsmart စမတ်ဖုန်း မော်ဒယ် ၈ မျိုးထဲက Vsmart Star မော်ဒယ်ကို အများဆုံး ရောင်းချရတယ်လို့ သိရပါတယ်။