VR ဖက်ရှင်ပွဲ ပြုလုပ်ခဲ့တဲ့ အစ္စရေးဒီဇိုင်နာ

အစ္စရေး ဖက်ရှင်ဒီဇိုင်နာ ဂရာနစ်ဂိုးစတိန်းကတော့ Virtual Reality (VR) နဲ့ 3D ပုံနှိပ်နည်းပညာကို ပေါင်းစပ်ပြီး ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူမကတော့ 3D ပုံနှိပ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ဖက်ရှင်ဝတ်စုံတွေကိုvirtual reality ပြပွဲအဖြစ် ပြုလုပ်သွားပါတယ်။

သူမဟာ ဂျေရုဆလင်က Bezalel အကယ်ဒမီ ဒီဇိုင်းနဲ့ အနုပညာကျောင်းကနေ လက်ဝတ်ရတနာနဲ့ ဖက်ရှင်ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ သူမဟာ EU Horizon 2020 Re-Fream ဂရန့်အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဂိုးစတိန်းရဲ့ 3D ဒီဇိုင်းနဲ့ ထုတ်လုပ်မှုကိုတော့ Stratasys နဲ့ ပူးပေါင်းခဲ့ပါတယ်။ Stratasys ကတော့ ၃၆၀ ဒီဂရီ ပတ်ပတ်လည် ခန္ဓာကိုယ်ကို scan ပြုလုပ်ပြီး 3D ပုံနှိပ်ထားတဲ့ အဝတ်အထည်တွေကို ဖန်တီးထားပါတယ်။

အခု ပူးပေါင်းဆောင်ရွက်မှုနဲ့ ဂိုးစတိန်းဟာ တစ်ဦးချင်းပုံသဏ္ဍာန်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ အဝတ်အထည်တွေ ဖန်တီးနိုင်ပါတယ်။ ဂိုးစတိန်းလ်ကတော့ မြန်ဆန်လွန်းတဲ့ ဖက်ရှင်နည်းပညာ အမြောက်အမြား ထုတ်လုပ်မှုအစား သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုရင်းနှီးတဲ့ ပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။

သူမက အစောပိုင်းမှာ ပွဲကို ဘာလင်မှာ နှစ်စဉ်ကျင်းပနေကျ “Wear it” ဆွေးနွေးပွဲမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် VR ပြပွဲပဲ ပြုလုပ်လိုက်ပါတယ်။Intel ကုမ္ပဏီကတော့ ၃၆၀ ဒီဂရီ ပြပွဲနေရာလွတ် ဖန်တီးနိုင်ဖို့ virtual reality နည်းပညာ အကူအညီပေးခဲ့ပါတယ်။ အဲဒီ ပြပွဲကိုတော့ သူမဝက်ဘ်ဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

-စိုးထက်
Ref: TheJerusalemPost

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««