VoteMM ဝက်ဘ်ဆိုက် ဒုတိယဗားရှင်း ထွက်ရှိ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးအနေနဲ့ သိသင့်တဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှ အလွယ်တကူ ရှာဖွေလေ့လာနိုင်မယ့် VoteMM (www.votemm.info) ဝက်ဘ်ဆိုက်ရဲ့ ဒုတိယအကြိမ်ဗားရှင်း အသစ်ကို ဩဂုတ် ၁ ရက်က မိတ်ဆက်ခဲ့ပါတယ်။

ဝက်ဘ်ဆိုက်မှာ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို သမားရိုးကျပုံစံသာမက စိတ်ဝင်စားဖွယ် ဉာဏ်စမ်းမေးခွန်းများ၊ မှတ်သားရ လွယ်တဲ့ data visualization များ၊ ဖျော်ဖြေရေးကဏ္ဍများဖြင့် မဲဆန္ဒရှင်တွေကို အသိပညာပေးလိုသော ရည်ရွယ်ချက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဖန်တီးရာ(Phandeeyar), ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE), Internews နဲ့ ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးနိုင်ငံတကာ အဖွဲ့အစည်း (International IDEA) အဖွဲ့တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ထားတာဖြစ်ပါတယ်။

မေ ၂၉ ရက်က အများပြည်သူစတင် အသုံးပြုနိုင်စေရန် VoteMM ဝက်ဘ်ဆိုက်ကို ကနဦးဖြန့်ဝေခဲ့ရာ ဝက်ဘ်ဆိုက်ပေါ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကြေညာထားတဲ့ တည်ဆဲပါတီများ စာရင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)မှ ပြုစုထားတဲ့ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဉာဏ်စမ်းကဏ္ဍ၊International IDEA မှ ပူးတွဲပြုစုထားတဲ့ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအသုံးအနှုန်းများ ကဏ္ဍ စသည်တို့ ပါဝင်ခဲ့ပါတယ်။
အဆိုပါ ပထမဗားရှင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးမယ့် မဲဆန္ဒရှင်လူငယ် ၅ သန်း ကျော် အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ စိတ်ကူးထဲကပါတီကဏ္ဍမှာ လူငယ်များကြားမှာ အထင်ကရဖြစ်ခဲ့ကြောင်း၊ ကနဦးဖြန့်ဝေတဲ့ရက်မှစ၍ ဇူလိုင်လကုန်အထိ VoteMM ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုသုံးစွဲသူ ခြောက်ထောင်ကျော်ရှိခဲ့ရာ တည်ဆဲပါတီများ စာရင်းမှာ ဝင်ရောက်ကြည့်ရှုလေ့လာသူ အများဆုံးဖြစ်ခဲ့ပြီး စိတ်ကူးထဲကပါတီ မှာ ဒုတိယကြည့်ရှုသူအများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အရေးကြီးကဏ္ဍတွေ ပိုမိုပါဝင်လာမယ့် နောက်ထပ် ဗားရှင်းကို စက်တင်ဘာလကုန်ပိုင်းမှာ တင်ဆက်သွားမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်အမတ်လောင်းတွေရဲ့ အချက်အလက်တွေနဲ့ ပါတီမူဝါဒများ၊ ယခင်ရွေးကောက်ပွဲများမှအချက်အလက်များအပြင် မဲပေးသူ အသိပညာ ပေးခြင်းဆိုင်ရာ အကြောင်းအရာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ VoteMM နှင့်ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက (မိုဘိုင်းဖုန်းဖြင့်သုံးရပိုလွယ်ကူသော) ဝက်ဘ်ဆိုက်လိပ်စာ www.votemm.info နဲ့ ဖေ့စ်ဘုတ်လိပ်စာ www.fb.com/votemm.info ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ