Volkswagen က မိတ်ဆက်ပေးလိုက်တဲ့ မောင်းသူမဲ့ concept ကားသစ်

Volkswagen ဟာ Sedric လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ concept ကားသစ်ကို Geneva ကားပြပွဲမှာ ပွဲထုတ်ပြသ လိုက်ပါတယ်။

Sedric ကို Volkswagen က “ဘီးပေါ်မှာ သက်သောင့်သက်သာနားနေနိုင်မယ့် ဧည့်ခန်း” တစ်ခုအနေနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ ဒီမောင်းသူမဲ့ကားမှာ စတီယာရင်နဲ့ ခြေနင်းတွေ မပါဝင်ပါဘူး။ လျှပ်စစ်ကားဖြစ်တာကြောင့် အင်ဂျင်မပါဝင်တဲ့အတွက် အတွင်းခန်းကျယ်ဝန်းပြီး စီးနင်းသူတွေက မျက်နှာချင်းဆိုင်ထိုင်ကာ စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

လေထုကိုသန့်စင်စေဖို့အတွက် ကားရဲ့အနောက်မှန်အတွင်းမှာ လေသန့်စင်ပေးနိုင်မယ့်အပင်များကို ထည့်သွင်းပေးထားပါတယ်။

ကားကို စီးနင်းသူတွေဟာ Sedric ကို အသံဖြင့်စေခိုင်းနိုင်ပြီး မြေပုံတွေနဲ့ အခြားအချက်အလက်တွေကို ပြသဖို့အတွက် အတွင်းဘက် လေကာမှန်ကို ကွန်ပျူတာ display တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကားကိုဆင့်ခေါ်ဖို့အတွက် သုံးစွဲသူတွေက remote control တစ်ခုက ခလုတ်တစ်ခုကို နှိပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။

အနာဂတ်မှာ Audi, Bentley နဲ့ Skoda အပါအဝင် ကမ္ဘာတစ်ဝန်းကအမှတ်တံဆိပ်တွေအတွက် Sedric ကားကို မတူညီတဲ့ဗားရှင်း အမျိုးမျိုးနဲ့ ပြုလုပ်သွားဖို့ Volkswagen က စီစဉ်နေတယ်လို့ သိရပါတယ်။

Ref: CNNMoney