
စျေးနှုန်း – ၃၇၉,၈၀၀ ကျပ် (8/128GB)
အားသာချက်
ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ AMOLED display ၊ မြန်ဆန်တဲ့ အားသွင်းစနစ်၊ ကောင်းမွန်တဲ့ selfie ကင်မရာနဲ့ နေ့ပိုင်းရိုက်ကူးမှုအတွက် အထူးကောင်းမွန်တဲ့ ကျောဘက်ကင်မရာစနစ်တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
သူ့မှာသုံးထားတဲ့ processor ရဲ့ စွမ်းဆောင်ရည်က ပျှမ်းမျှအရည်အသွေးသာ ရှိပြီး ပေးရတဲ့ဈေးနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ သိပ်အားမရတာ၊ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက သာမန်မျှသာ ရှိတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
Vivo V20 SE မှာSnapdragon 665 SoC ကို သုံးထားပြီး ဂရပ်ဖစ်အနေနဲ့ Adreno 610 GPU စနစ်ကို သုံးထားပါတယ်။ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ RAM 8GB ပါဝင်တဲ့ဖုန်း ဖြစ်တဲ့အတွက် သုံးရတာ မြန်ဆန်ကောင်းမွန်သလို multitasking အနေနဲ့ app တွေ တစ်ပြိုင်နက်တည်း များများဖွင့်သုံးတာလည်း နှေးတာမျိုး မရှိပါဘူး။ V20 SE ရဲ့ GeekBen (multi-core) ရမှတ် ၁၃၈၉၊ AnTuTu ရမှတ် ၁၈၄၀၈၅ တွေက ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နိမ့်တယ်လို့ ဆိုရမှာပါ။ ဂရပ်ဖစ်အသားပေး Call of Duty: Mobile ဂိမ်းကစားတာမှာတော့ ဖုန်းက ပုံမှန်ထက် ပိုနှေးသွားတယ်လို့ ထင်ရပေမယ့် ဂိမ်းကို ပုံမှန် medium frame rate နဲ့ ဂရပ်ဖစ်အရည်အသွေးနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာအသံထွက်ပိုင်းကလည်း ကျယ်လောင် ကောင်းမွန်မှု ရှိပြီး Android 10 အခြေခံ Funtouch OS 11 ကို အသုံးပြုထားပါတယ်။ လက်ဗွေစနစ်နဲ့ Face unlock စနစ်တွေက မြန်ဆန်မှုရှိသလို တိကျမှုလည်းရှိတာ သဘောကျစရာပါ။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
ဒီဖုန်းမှာ Vivo က ဒီဇိုင်းတော်တော်လေး အသားပေးထားတယ်လို့ ဆိုရလောက်အောင်ကို Vivo V20 SE က အထူးဆွဲဆောင်မှု ရှိပါတယ်။ ပါးလွှာပေါ့ပါးမှုရှိတဲ့ ကိုယ်ထည်က ပလတ်စတစ်အမျိုးအစားဖြစ်ပြီး ရှေ့ဘက်မျက်နှာပြင်ကိုတော့ ဖန်သားနဲ့ ဖုံးအုပ်ပေးထားပါတယ်။ ကျောဘက်ကင်မရာကို ဒေါင်လိုက် လေးထောင့်ကွက်မှာ ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့ dew-drop notch အနေနဲ့ ထည့်သွင်းထားပါတယ်။ လက်ရှိမှာ ပြိုင်ဘက်ဈေးနှုန်းတူ ဖုန်းတွေက notch မပါတဲ့ပုံစံနဲ့ ရှေ့ကင်မရာ screen ထဲမှာ ထည့်သွင်း အသုံးပြုလာကြပေမယ့် ဒီဖုန်းမှာ notch ပုံစံနဲ့ ထည့်ထားတာ နည်းနည်း မော်ဒန်မဆန်ဘူးလို့ ခံစားရပြီး အောက်ဘက်မျက်နှာပြင် chin ကလည်း အနည်းငယ် ထူတယ်လို့ ခံစားပါတယ်။ ဖုန်းရဲ့ညာဘက်ဘောင်ထဲက အသံအတိုးအကျယ် ခလုတ်၊ ပါဝါခလုတ်နဲ့ SIM ကတ်ပေါက်ကတော့ အပေါ်ဘောင်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပြီး နားကြပ်ပေါက်ကတော့ အောက်ဘက် အားသွင်းပေါက် ဘေးမှာ ဖြစ်ပါတယ်။
ဒီဖုန်းရဲ့ ၆.၄၄ လက်မရှိတဲ့ AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen refresh rate အနေနဲ့ 60Hz အထိ ထောက်ပံ့ပေးနိုင်ပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၉ ရာခိုင်နှုန်း ရှိပါတယ်။ Screen ရဲ့ pixel densiy က 409 ppi ရှိပြီး Screen က တောက်ပမှုရှိသလို ကာလာပိုင်း စိုပြည်မှုရှိတာ နှစ်သက်စရာပါ။
ကင်မရာ
|
|
|
|
|
|
Vivo V20 SE ရဲ့ ကျောဘက်မှာ Ultra-wide ကင်မရာ၊ wide အဓိက ကင်မရာနဲ့ နောက်ခံဝါးဝါးနဲ့ ရိုက်နိုင်ဖို့အတွက် depth ကင်မရာတွေ တပ်ဆင်ထားတာ ဖြစ်ပြီး အဓိက ကင်မရာက aperture f/1.8 ရှိတဲ့ 48MP sensor ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ macro ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပြီး bokeh ကင်မရာကတော့ 2MP အမျိုးအစား ဖြစ်ပါတယ်။ ဒီဖုန်းမှာ Vivo က AI Image Matting လုပ်ဆောင်ချက်ကို ထည့်သွင်းထားပြီး ဓာတ်ပုံရိုက်ပြီးထားတဲ့ ဓာတ်ပုံနောက်ခံပြောင်းတာ၊ effect တွေထည့်သွင်းတာ၊ မလိုအပ်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားတာတွေကို အယ်လ်ဘမ် app မှာတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုက ကျေနပ်စရာကောင်းလှသလို ရှေ့ဘက် selfie ကင်မရာနဲ့ ညပိုင်းမှာ ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တာက စိတ်တိုင်းကျစရာပါ။
ရှေ့ဘက် 32MP AI selfie ကင်မရာက aperture f/2.0 ရှိတဲ့ wide အမျိုးအစားဖြစ်ပြီး နေ့ပိုင်းနဲ့ ညပိုင်းရိုက်ကူးမှုတွေက အထင်ကြီးစရာကောင်းလောက်အောင် ကောင်းမွန်မှုရှိပါတယ်။ ရှေ့ကင်မရာစနစ်နဲ့ 1080p အရည်အသွေး ဗီဒီယိုကို 30fps ရိုက်ကူးနိုင်မှာဖြစ်ပြီး နောက်ဘက်ကင်မရာနဲ့ 4K အရည်အသွေး ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
|
|
|
Vivo V20 SE မှာ 4100mAh ပမာဏ ဘက်ထရီနဲ့ ၃၃ ဝပ်အားသွင်းမြန်ဆန်တဲ့ အားသွင်းခေါင်း ပါဝင်ပေမယ့် ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တဲ့ ပျှမ်းမျှစွမ်းဆောင်ရည်ထက် ပိုတယ်လို့ မခံစားရပါဘူး။ ၃၃ ဝပ် အားသွင်းစနစ်က ဝ ရာခိုင်နှုန်း ကနေ ၆၂ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်တယ်လို့ Vivo က ကြေညာထားပေမယ့် အားအပြည့်သွင်းဖို့ တစ်နာရီဝန်းကျင် ကြာမြင့်မှာဖြစ်သလို ပုံမှန် အသုံးပြုမှုအတွက် တစ်ရက်ခွဲခန့် အသုံးပြုနိုင်တာက ပျှမ်းမျှသုံးနိုင်တဲ့ ဝန်းကျင်လို့ ဆိုရမှာပါ။ Screen တောက်ပမှုနှုန်း ၅၀ ရာခိုင်နှုန်း၊ အသံထွက်အမြင့်ဆုံးနဲ့ ဗီဒီယို အဆက်မပြတ် ဖွင့်ထားတာကို ၁၈ နာရီသာ အသုံးပြုနိုင်တာက ပျှမ်းမျှရှိသင့်တဲ့ ကြာချိန်ထက် နည်းတယ်လို့ ခံစားရပါတယ်။ အားသွင်းခေါင်းက USB Type-C အမျိုးအစား ဖြစ်သလို USB OTG စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။
သုံးသပ်ချက်
Vivo V20 SE က ဈေးနှုန်းကို သက်သာဖို့အတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပေမယ့် ဒီဇိုင်းပိုင်းက Flag-ship ပုံစံရှိတဲ့ အထူးဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ သူနဲ့ SoC ၊ RAM နဲ့ သိုလှောင်နိုင်စွမ်းတွေတူတဲ့ realme 7i က ကျပ်သုံးသိန်းဝန်းကျင်ပဲ ရှိသလို 7i ရဲ့ Display က 90Hz အမျိုးအစား ဖြစ်ပြီး ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ ဒါပေမဲ့ 7i ရဲ့ ဘက်ထရီစနစ်မှာ 18W fast charging သာထောက်ပံ့ပါဝင်ပြီး V20 SE မှာတော့ 33W fast charging ပါဝင်သလို 207ppi သာရှိတဲ့ 7i IPS LCD ထက် 409ppi ရှိတဲ့ V20 SE ရဲ့ AMOLED display က အများကြီးသာတယ်လို့လည်း သုံးသပ်ရမှာပါ။ နေ့ည ရိုက်ကူးမှုအတွက် မြင့်မားကောင်းမွန်လှတဲ့ Selfie ကင်မရာစနစ်နဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံးအတွက် ရှိသင့်တဲ့ ကျောဘက်ကင်မရာစွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ Vivo V20 SE က ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမှာလည်း ဖြစ်ပါတယ်။ သင်က ဖုန်းနဲ့ ဂရပ်ဖစ်ဂိမ်းတွေ ဆော့လေ့မရှိဘဲ အွန်လိုင်းဈေးဆိုင်အတွက် ဒါမှမဟုတ် ပါးလွှာပေါ့ပါးပြီး ကိုင်ရတာ စတိုင်ကျတဲ့ ဖုန်းတစ်လုံးကို သုံးချင်ရင်တော့ Vivo V20 SE က သင့်အတွက် သင့်တော်မှုရှိမယ့် ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««