Vivo S1 Pro

429,800 Ks (8GB/128GB)

အားသာချက်

စတိုင်ကျတဲ့ဒီဇိုင်း၊ RAM 8GB ထည့်သွင်းပေးထားပြီး အရည်အသွေးကောင်းမွန်တဲ့ selfie ကင်မရာ၊ ကာလာရုပ်ထွက်ပိုင်းစိုပြည်လှတဲ့ Display နဲ့ ပြည့်ဝတဲ့ ဘက်ထရီစွမ်းဆောင်ရည်တွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

Funtouch OS က bloatware တွေ အများကြီးပါလာတာ၊ သုံးထားတဲ့ chipset နဲ့ RAM 8GB ပါဝင်တာတွေက Multi-task စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ပေမယ့် ဂရပ်ဖစ်အမြင့်ဂိမ်းကြီးတွေ ဆော့ဖို့ကတော့ သိပ်အဆင်မပြေတာနဲ့ ကင်မရာစနစ်မှာ Night mode နဲ့ ဗီဒီယိုရိုက်ကူးမှုမှာ တုန်ခါမှုစနစ်ကို ထိန်းချုပ်ပေးမယ့် stabilization စနစ်တွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

· Qualcomm Snapdragon 665 (11 nm) CPU · Adreno 610 GPU
· 8GB RAM · 128GB; microSD up to 256GB

Qualcomm Snapdragon 665 chip ကို သုံးထားပြီး RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ရှိတဲ့အပြင် microSD ကနေ 256GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်တာကလည်း နှစ်ခြိုက်စရာပါ။ Multitasking နဲ့ နေ့စဉ် အသုံးပြုမှုအတွက် မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိသလို PUBG, ML စတဲ့ အွန်လိုင်းဂိမ်းကစားတွေက သိပ်ပြီး ပြောစရာမရှိပေမယ့် 3D ဂရပ်ဖစ်အမြင့်ဂိမ်းတွေ ကစားဖို့ကတော့ သိပ်အဆင်ပြေလှမှာ မဟုတ်ပါဘူး။ ဒီဖုန်းက ဂိမ်းကစားဖို့အတွက် မဟုတ်ပေမယ့် နေ့စဉ်အသုံးပြုမှုအတွက် မြန်ဆန်တဲ့ ခံစားချက်နဲ့အသုံးပြုရမှာဖြစ်ပြီး Android 9 အခြေခံထားတဲ့ Funtouch OS 9.2 က သုံးရတာ ရှင်းလင်းလွယ်ကူမှုကို ခံစားရမှာဖြစ်ပေမယ့် bloatware တွေ များစွာပါဝင်တာက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

· Waterdrop notch Camera Design · 6.38 inch Super AMOLED display
· Fingerprint (under display) · Diamond shape back camera design
· 19.5:9 aspect ratio (404 ppi density) · 186g

Vivo S1 Pro ဖုန်းရဲ့ ရှေ့နောက် မျက်နှာပြင်တွေကို ဖန်သားနဲ့ဖုံးအုပ်ပေးထားပြီး ကိုယ်ထည်က သတ္တုကိုယ်ထည် အမျိုးအစား ဖြစ်တဲ့အတွက် ကိုင်ရတာ ကောင်းမွန်လှပါတယ်။ ရှေ့မျက်နှာပြင်က waterdrop notch ပါဝင်တဲ့ ပုံစံဖြစ်ပြီး ကျောဘက်မျက်နှာပြင်ရဲ့ အလယ်နားမှာ ကင်မရာလေးလုံးကို LED fash မီးနဲ့တွဲပြီး Vivo ရဲ့ အခေါ်အရ စိန်ပွင့်ပုံစံနဲ့ ထည့်သွင်းထားပါတယ်။ ညာဘက်ဘောင်မှာတော့ ပါဝါခလုတ်ကို တပ်ဆင်ထားပြီး ပါဝါခလုတ်အပေါ်ဘက်ကပ်လျက်မှာပဲ အသံအတိုးအကျယ် ခလုတ်ကို တပ်ဆင်ထားပါတယ်။ ဘယ်ဘက်ဘောင်ထဲမှာ SIM slot ပေါက်တပ်ဆင်ထားပြီး နားကြပ်ပေါက်ကို ထည့်သွင်းထားကာ အောက်ဘက်ဘောင်ထဲမှာတော့ အားသွင်းပေါက်နဲ့ စပီကာကို တပ်ဆင်ထားပါတယ်။

မျက်နှာပြင်အရွယ်အစားက ၆.၃၈ လက်မရှိတဲ့ Super AMOLED Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen ပိုင်းက တောက်ပမှုရှိပြီး ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၈၃.၄ ရာခိုင်နှုန်းရှိပြီး ၁၈၆ ဂရမ် အလေးချိန်က မပေါ့မလေးအဆင်ပြေလှသလို ကျစ်လျစ်ပြီး ပါးလွှာတဲ့ကိုယ်ထည်က လက်ထဲမှာ အံဝင်ခွင်ကျရှိလှပါတယ်။ လက်ဗွေလုံခြုံရေးစနစ်ကတော့ ဖုန်းမြင်ကွင်းထဲမှာ under display မြှုပ်ပြီး တပ်ဆင်ထားတာဖြစ်ပါတယ်။

ကင်မရာ

· Standard: 48MP (wide), f/1.8, PDAF · 8MP, f/2.2, (ultrawide)
· 2MP, f/2.4, (macro) · 2MP, f/2.4, (depth)
· Video : 1080p 30fps · Selfie camera: 32MP, f/2.0

Vivo S1 Pro မှာ ကျောဘက်မှာ f/1.8 ရှိတဲ့ 48MP အဓိက ကင်မရာအပြင် ultra-wide ကင်မရာ၊ macro ကင်မရာ၊ bokeh ကင်မရာ စတဲ့ စုစုပေါင်း ကင်မရာလေးလုံး ပါဝင်ပြီး ရှေ့ဘက်ကင်မရာကတော့ 32MP အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာစနစ်က အသုံးပြုရလွယ်ကူသလို နေ့ဘက်ရိုက်ကူးမှုတွေမှာ ကောင်းမွန်တဲ့ ရုပ်ထွက်ကာလာပိုင်းနဲ့ ရိုက်ကူးနိုင်သလို ရှေ့ဘက်ကင်မရာစနစ်ကလည်း ကျေနပ်စရာကောင်းလှပါတယ်။ ရှုခင်းရိုက်တာ၊ အလှပုံရိုက်ကူးတာ၊ အနီးကပ် macro ရိုက်တာတွေအတွက် ကောင်းမွန်သလို ညပိုင်းရိုက်ကူးမှုကလည်း အဆင်ပြေလှပေမယ့် အခြားပြိုင်ဘက်မော်ဒယ်ဖုန်းတွေလိုမျိုး night mode တော့ ဒီဖုန်းမှာ သီးသန့်အနေနဲ့ ပါဝင်ခြင်းမရှိပါဘူး။ ဗီဒီယိုကို ရှေ့နောက်ကင်မရာနှစ်ခုလုံးက 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပေမယ့် ဗီဒီယိုစနစ်အတွက် stabilization တော့ ထောက်ပံ့ပါဝင်ခြင်းမရှိပါဘူး။

ဘက်ထရီ

· 4500mAh · Type-C 2.0
· 18W Dual-engine Fast Battery Charging · USB On-The-Go

4500mAh ဘက်ထရီနဲ့ အားသွင်းမြန်တဲ့ 18W dual-engine fast charging နည်းပညာတွေ ပါဝင်ပြီး ဒီဖုန်းဘက်ထရီက အလွန်အကျွံသုံးတာတောင်မှ တစ်ရက်ကျော်ကြာ အသုံးပြုနိုင်တာက ကျေနပ်စရာပါ။ HD ဗီဒီယိုကို အဆက်မပြတ်ဖွင့်ထားတာ ၁၇ နာရီကြာတဲ့ရလဒ်က အထင်ကြီးစရာကောင်းလှသလို PUGB နာရီဝက်ကျော် ဂိမ်းကစားပြီးတာတောင် ဖုန်းကိုယ်ထည်ပိုင်း ပူနွေးမှုမရှိတာကလည်း နှစ်သက်စရာပါ။ အားသွင်းမြန်ဆန်တဲ့ dual-engine fast battery charging စနစ်က ဘက်ထရီအားကို နာရီဝက်အတွင်း ၃၁ ရာခိုင်နှုန်းထိ သွင်းပေးနိုင်ပြီး ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း အပြည့်ဖြစ်ဖို့တော့ တစ်နာရီခွဲကျော် နှစ်နာရီဝန်းကျင်လောက် ကြာမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Vivo S1 Pro က ဒီဇိုင်းလှပသလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ Vivo အနေနဲ့ ဒီထက် ပိုပြီး စွမ်းဆောင်ရည်ပိုင်း မြင့်မားတဲ့ processor ကို ထည့်သွင်းခဲ့မယ်ဆိုရင်တော့ သူနဲ့ ဈေးနှုန်းတူ ပြိုက်ဘက်မော်ဒယ်တွေ မယှဉ်နိုင်အောင်ကို အဖက်ဖက်က သာလွန်မယ့်ဖုန်းတစ်လုံး ဖြစ်နိုင်ပါတယ်။ RAM 8 GB နဲ့ 128GB သိုလှောင်မှုပါဝင်တာက ပေးရတဲ့ဈေးနဲ့ဆိုရင်တော့ တန်တယ်လို့ ခံစားရမှာဖြစ်သလို ကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်မှုတွေက နှစ်သက်စရာ အလွန်ကောင်းလှပါတယ်။ မိမိအနေနဲ့ 3D ဂိမ်းတွေ စိတ်မဝင်စားဘူး၊ ဒီဇိုင်းလှပြီး မြန်ဆန်မှုရှိသလို သိုလှောင်မှုများများပါတဲ့ ကျပ် ၅ သိန်းအောက် ဖုန်းကို ကိုင်ချင်တယ်ဆိုရင် ဒီဖုန်းက ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။

Display 
Performance
Camera
Battery
Hand On
Over All

-ရဲထွဋ်ဝင်း