Vivo ရဲ့ Xplay7 က 10GB RAM ပါဝင်တဲ့ ပထမဆုံး Android စမတ်ဖုန်း ဖြစ်လာဖွယ်ရှိ

လတ်တလောနှစ်တွေမှာ Android စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်က ပိုမိုမြင့်မားလာပြီး ကွန်ပျူတာအချို့နဲ့ယှဉ်ပြိုင်နိုင်မယ့် spec တွေ ပါဝင်လာပါတယ်။ ဒီနှစ်မှာတော့ RAM 10GB ပါဝင်တဲ့ ပထမဆုံးဖုန်းကို Vivo က ဖြန့်ချိသွားဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ OnePlus 5 နဲ့ Razer Phone တို့လို စမတ်ဖုန်းတွေမှာ 8GB RAM ပါဝင်လာပြီး အချို့စမတ်ဖုန်းတွေမှာတော့ 6GB RAM တွေ ပါဝင်ခဲ့ပါတယ်။

Vivo Xplay7 မှာ 10GB RAM ပါဝင်လာဖွယ်ရှိတဲ့သတင်းကို SlashGear က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ slide အချို့နဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ 512GB storage အထိ ပါဝင်လာဖွယ်ရှိပြီး အနိမ့်ဆုံး သိုလှောင်မှုပမာဏက 256GB ဖြစ်တယ်လို့ ဆိုပါတယ်။

Xplay7 မှာ များပြားလှတဲ့ သိုလှောင်မှုပမာဏနဲ့ RAM ပမာဏအပြင် Qualcomm ရဲ့ Snapdragon 845 chipset လည်း ပါဝင်လာဖွယ်ရှိပါတယ်။

Vivo ဟာ ဒီစမတ်ဖုန်းရဲ့ 18:9 OLED display အောက်မှာ Synaptic ရဲ့ In-display fingerprint sensor ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် facial recognition အတွက် Face ID 2.0 ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Xplay7 နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တရားဝင်မိတ်ဆက်ကြေညာမယ့်အချိန်မှသာ သိရှိရမှာဖြစ်ပါတယ်။

-နောင်နောင်
Ref: 9to5google