Virtual Business Challenge 2020 ပြိုင်ပွဲတွင် ဒဂုံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးပါရှိသည့် All-Star အဖွဲ့ တတိယဆုရရှိ

ICAEW မှကြီးမှူးကျင်းပတဲ့ တရုတ်နှင့် အရှေ့တောင်အာရှဒေသ Business Challenge ကို မေ ၁၄ ရက်က ကျင်းပခဲ့ပြီး တရုတ်၊ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား ၆ နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးစီနဲ့ ဖွဲ့စည်းထားတဲ့ All-Star အဖွဲ့က တက်ကြွမှုအရှိဆုံးအဖွဲ့အဖြစ် တတိယဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ပွဲများကျင်းပခဲ့တဲ့ ၆ နှစ်တာအတွင်း နောက်ဆုံးဗိုလ်လုပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခြင်းမှာ ယခုနှစ်က ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံ ၆ ခုမှ ဆန်ခါတင်ပြိုင်ပွဲဝင်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဆန်ခတင် အသင်း ၁၂ သင်းမှာ ယခုနှစ် နှစ်စပိုင်းက နိုင်ငံအဆင့်ပြိုင်ပွဲများ သို့မဟုတ် ကြိုတင်ရွေးချယ်မှု အဆင့်များကို ဖြတ်ကျော်ခဲ့ရပြီး စီးပွားရေးဆိုင်ရာအသိ၊ အတွေးအခေါ်နှင့် စီးပွားရေးဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းများကို စမ်းသပ် စစ်ဆေးခံခဲ့ပြီး တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံများရှိ တက္ကသိုလ်များမှ ရာပေါင်းများစွာသော ပါဝင်ယှဉ်ပြိုင်သူများကြားမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ များအားလုံးမှာ အမြင့်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်မှုအတွက် အွန်လိုင်းမှတစ်ဆင့် ပါဝင်ခဲ့ကြရပြီး ၎င်းတို့ရဲ့ နောက်ဆုံးအပြီးသတ် တင်ပြမှုတွေအတွက် အဖွဲ့ဝင်အချင်းချင်း စည်းလုံးမှုရှိခြင်းနဲ့ ပြောဆိုဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍမှာလည်း ဖြစ်ပေါ်လာတဲ့ အခြေအနေများအလျောက် လိုက်လျောညီထွေ ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်း ရှိ မရှိ စတဲ့ အရည်အချင်းတွေကိုပြသခဲ့ကြရ ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သော ကျောင်းသားတွေဟာ အမှန်တကယ် ဖြစ်တည်လျက်ရှိတဲ့ စီးပွားရေးပြဿနာတွေကို လေ့လာပြီး အတိုင်ပင်ခံနေရာမှ စဉ်းစားဆုံးဖြတ်ကာ ယင်းပြဿနာအတွက် အဖြေကို အကဲဖြတ်လူကြီးများဆီသို့ တင်ပြမှုများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင် ကျောင်းသားများအနေနဲ့ အွန်လိုင်းမှတစ်ဆင့် အတူတကွ တွဲဖက်ညီစွာ ကြိုးစားခဲ့ပြီး ထူးခြား ပြည့်စုံသော တင်ပြမှုပုံစံများ၊ ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်စွမ်းများ၊ စီးပွားရေးဆိုင်ရာအမြင်စူးရှမှုများဖြင့် အကဲဖြတ်တွေကို တင်ပြနိုင်ခဲ့ကြရပြီး အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Sixpact က အမြင့်ဆုံးဆုရရှိခဲ့ပါတယ်။ ဆုအနေနဲ့ ဆုတံဆိပ်နှင့်အတူ လန်ဒန်သို့ စရိတ်ငြိမ်းသွားရောက်ခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်။ ဒုတိယဆုကို စင်ကာပူမှ SMU-Duke Partner အဖွဲ့က ရရှိခဲ့ပြီး တတိယဆုဖြစ်တဲ့ စင်ကာပူဒေါ်လာ ၁၂၀၀ ကို ၆ နိုင်ငံပေါင်းဖွဲ့ထားတဲ့ All-Star အဖွဲ့ က ရရှိခဲ့တာဖြစ်ပါတယ်။

တတိယဆုရရှိခဲ့တဲ့ All-Star အဖွဲ့မှာ ပါဝင်ခဲ့သော မြန်မာကျောင်းသူ မဆုလဲ့ဇော်က “ICAEW ရဲ့ တရုတ်နဲ့ အရှေ့တောင်အာရှ စီးပွားရေးဆိုင်ရာ အွန်လိုင်းအခြေပြုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတာ တကယ်ကို အတွေ့အကြုံအသစ်တွေ အများကြီး ရခဲ့ပါတယ်၊ အဖွဲ့ဝင်အချင်းချင်း မတွေ့ရဘဲ အွန်လိုင်းကနေ အလုပ်လုပ်ရတာ မလွယ်ကူပေမယ့် ပြိုင်ပွဲတစ်လျှောက် တွေ့ကြုံလာတဲ့ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ မတူညီတဲ့ နိုင်ငံ ၆ ခုက လူ ၆ ယောက် အတူတကွ ပြိုင်ပွဲဝင်ကြတာဖြစ်လို့ အတွေ့အကြုံတွေ အချင်းချင်း ဖလှယ်ရင်းနဲ့ အရင်ကထက်ပိုပြီး ဗဟုသုတတွေ များလာရတယ်လို့ ခံစားရပါတယ်၊ နောက်လည်း ICAEW က လုပ်တဲ့ ကျောင်းသားတွေအတွက် ပြိုင်ပွဲတွေရှိလာရင် ပါဝင်ဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

-အောင်သူ

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .