Viber (SEA and SA) ၏ Asia Regional Head Office မှ Head of Business Development ဖြစ်သူ AnubhavNayyar နှင့်တွေ့ဆုံခြင်း

Viber (SEA and SA) ရဲ့ Asia Regional Head Office မှ Head of Business Development ဖြစ်သူ AnubhavNayyar မြန်မာနိုင်ငံကို ရောက်လာခဲ့စဉ်မှာ အင်တာနက်ဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Viber အနေနဲ့ မြန်မာနိုင်ငံမှာလက်ရှိဆောင်ရွက်နေတဲ့လှုပ်ရှားမှုအကျဉ်းချုပ်ပြောပြပေးပါ။

ပြည်တွင်းအခြေပြု စတစ်ကာလေးတွေ ဖန်တီးနေပါတယ်၊ မြန်မာဘာသာစကားနဲ့  ပြောနိုင်တဲ့ စတစ်ကာတွေအပြင် မြန်မာလူမျိုး ဆယ်လီတွေပုံနဲ့ စတစ်ကာလေးတွေ ဖန်တီးတာမျိုးတွေလည်း ဆောင်ရွက်နေပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ အများပြည်သူကို Public account တွေကနေတစ်ဆင့် စတစ်ကာနဲ့ အသိပညာလေးတွေ ဖြန့်ဝေတာ၊ ကုမ္ပဏီ၊ မီဒီယာ၊ နာမည်ကြီး တံဆိပ်တွေနဲ့ Viber ကို အသုံးပြုတာမျိုးတွေ ဆောင်ရွက်နေပါတယ်။

Viber အတွက် မြန်မာဟာ ဘယ်လိုဈေးကွက် အနေအထားမှာရှိပါသလဲ။

မြန်မာဟာ အရေးအကြီးဆုံး ဈေးကွက်ဖြစ်တယ်ဆိုတာတော့ သေချာပါတယ်၊ အရှေ့တောင်အာရှမှာတင် မဟုတ်ပါဘူး၊ ကမ္ဘာတစ်ဝန်း
လုံးမှာတောင် မြန်မာဈေးကွက်က အရေးကြီးဆုံးဈေးကွက်လို့ ဆိုရမှာပါ။ အဲဒီအချက်တွေကြောင့်ပဲ မြန်မာဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Viber အသုံးပြုမှု အများဆုံးနိုင်ငံက ဘယ်နိုင်ငံပါလဲ။

အရှေ့တောင်အာရှမှာဆိုရင် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတွေဟာ အခိုင်မာဆုံးဈေးကွက် ဖြစ်ပါတယ်၊ နောက်ပြီး သီရိလင်္ကာ၊ နီပေါ နိုင်ငံတွေလည်း အသုံးပြုမှုများပါတယ်၊ Top Market မှာ ရုရှားနိုင်ငံလည်း ပါဝင်ပါတယ်၊ ဟန်ဂေရီနိုင်ငံလည်း ပါတယ်ဆိုတော့ ရုရှား၊ တောင်အာရှ၊ အရှေ့တောင် အာရှနိုင်ငံတွေဟာ Viber အသုံးပြုမှုများပါတယ်။

အခြား Application နဲ့ ဈေးကွက်ယှဉ်ပြိုင်ရတဲ့အခါ အဓိကစိန်ခေါ်မှုတွေက ဘာပါလဲ။

ကျွန်တော်တို့အနေနဲ့ သူများတွေနဲ့ ပြိုင်ဆိုင်မှုကို မဖြစ်မနေ အရေးကြီးတဲ့ အရာတစ်ခုလို့ သဘောမထားပါဘူး၊ စိန်ခေါ်မှုဆိုတာကတော့
ကျွန်တော်တို့ ဘာလုပ်ချင်သလဲဆိုတဲ့အပေါ် မူတည်ပြီး အကောင်အထည် ဖော်သွားတာဖြစ်ပါတယ်၊ Viber ကို အသုံးပြုတဲ့သူတွေ ဘာလိုအပ်နေသလဲ ဆိုတာကိုပဲ ဦးစားပေးလုပ်ဆောင် သွားတာဖြစ်ပါတယ်။

Viber ရဲ့ထူးခြားချက်က ဘာလို့ပြောနိုင်မလဲ။

အခုဆိုရင်လည်း အခမဲ့စကားပြောနိုင်တာ၊ အခမဲ့ဖုန်းခေါ်ဆိုတာ၊ အုပ်စုဖွဲ့ပြီး အခမဲ့ဆွေးနွေးတာတွေ လုပ်နိုင်တာအသိပါ၊ အားလုံးဟာ
အခမဲ့ပါ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့အခါ အခမဲ့စနစ်က မဖြစ်မနေလိုအပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတာကို အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Viber အသုံးပြုသူ ဘယ်လောက်ရှိပါသလဲ။

Viber အတွက် မှတ်ပုံတင်ထားပြီးတဲ့သူ သန်းသုံးဆယ်ကျော်လောက်ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်တုန်းကနဲ့ယှဉ်ရင် အသုံးပြုမှုအနေအထားက တော်တော်ကြီးထွား လာတယ်လို့ဆိုရမှာပါ။

ဘယ်လောက်အနေအထားအထိ တိုးတက်လာပါသလဲ။

ကျွန်တော့်အထင်ပြောရရင် လွန်ခဲ့တဲ့တစ်နှစ်ခွဲကနဲ့ အခုလက်ရှိ အချိန်တောင် ၃၀ ရာခိုင်နှုန်းလောက်တိုးလာတာ တွေ့ရမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကလူတွေက အင်တာနက်အသုံးပြုမှု၊ မိုဘိုင်းဖုန်းအသုံးပြုမှု ပိုတိုးတက်လာတယ်လေ၊ စမတ်ဖုန်းရှိတဲ့သူ အင်တာနက် အသုံးပြုတဲ့သူအားလုံးက Viber ကိုသုံးကြပါတယ်။

Viber အနေနဲ့ စတင်ခဲ့တဲ့အချိန်ကနေ လက်ရှိအချိန်အထိ ဘာတွေများ ထူးခြားပြောင်းလဲ လာပါသလဲ၊ မြန်မာနိုင်ငံအတွက် ဘာတွေများ စီစဉ်ထားပါသလဲ။

Viber အသုံးပြုတဲ့အခါ အခြေခံအားဖြင့် အခမဲ့ခေါ်ဆိုတာ၊ အခမဲ့စာတိုပို့တာ အဖွဲ့လိုက်ဖုန်းခေါ်ဆိုတာ၊ အဖွဲ့လိုက်ချက်တင် ပြုလုပ်တာ
မျိုးတွေက အခြေခံရပါတယ်။ ပြီးတော့ စတစ်ကာလေးတွေ ပို့ကြတာပေါ့။ ဒီနေ့ခေတ်မှာဆိုရင်လည်း စတစ်ကာတွေကို အသုံးပြုတာအပြင် လျှို့ဝှက်ချက်တင် ပြုလုပ်ထားနိုင်တာတွေလည်း တိုးလာပါတယ်၊ Gif ဖိုင်တွေ အသုံးပြုတာမျိုးတွေလည်း အသုံးပြုလို့ရမှာပါ။ လူငယ်တွေအနေနဲ့ အချစ်နဲ့ပတ်သက်တဲ့ စတစ်ကာတွေကို ကြိုက်တယ်၊ လူကြီးတွေကျတော့ Video Call ခေါ်တာမျိုးတွေ သဘောကျတယ်။ Social Content တွေနဲ့ ဆက်နွှယ်နေတဲ့ ဖန်တီးမှုတွေကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ၊ ဥပမာ အားဖြင့် ဖွေးဖွေးရဲ့ Viber Public account ဖန်တီးပေးတာမျိုးတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ Viber အနေနဲ့ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့ရတယ်။ လုပ်ငန်းပေါင်းဘယ်နှစ်ခုနဲ့ ပူးပေါင်းဆောင်ရွက် နေပါသလဲ။

အများကြီးပါပဲ၊ ၂၀ ကနေ ၂၅ ခုလောက်အထိရှိပါတယ်၊ ကုမ္ပဏီ၊ အမှတ်တံဆိပ်တွေကို Viber နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့က တံခါးဖွင့်ထားပါတယ်။ ပါတနာအဖြစ် ပူးပေါင်းနိုင်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်တာ ရှိပါသေးလဲ။

ကျွန်တော်တို့ ကမ္ဘာတစ်ဝန်းက ပူးပေါင်းဆောင်ရွက်သူတွေနဲ့ ပူးပေါင်းပြီး အလုပ်တွေလုပ်နေပါတယ်၊ ဘောလုံးအသင်းတွေနဲ့ ပူးပေါင်းပြီးတော့ဖြစ်ဖြစ် (ဥပမာ-ဘာစီလိုနာအသင်း) ပေါ့၊ မြန်မာက ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လိုရင်လည်း ကြိုဆိုပါတယ်။ Viber ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကနေ Calling App အနေနဲ့ စတင်ခဲ့ပါတယ်။ Free Call အနေနဲ့ စခဲ့တာပေါ့၊ ကျွန်တော်တို့ တဖြည်းဖြည်းပြောင်းလဲ လာခဲ့ပါတယ်၊ ယနေ့ခေတ်မှာ စတစ်ကာကို ဖန်တီးလာနိုင်တဲ့ အထိပေါ့၊ အဓိကကတော့ Communication ပိုင်းမှာ ပိုမိုတိုးတက်အောင် ဆောင်ရွက်လာနိုင်ခဲ့တယ်၊ အဲဒါဟာ အဆင့်ဆင့်ပြောင်းလဲမှုတွေပေါ့၊ ကျွန်တော်တို့ မြန်မာကိုလည်း ပြောင်းလဲမှုတွေနဲ့အတူ စတင်ခဲ့တယ်၊ ဒီထက်ပိုပြီးတော့ ပြောင်းလဲမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရော ရှိပါသလား။

ကျွန်တော်တို့အနေနဲ့ မည်သူနဲ့မဆို ဆောင်ရွက်ဖို့ အဆင်သင့်ပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

-ထွန်းထွန်း