Viber မှ Reactions လုပ်ဆောင်ချက်အသစ်အား ထည့်သွင်း

အသုံးပြုသူတွေရဲ့ ခံစားချက်တွေကို ပိုမိုပေါ်လွင်စွာ ဖော်ထုတ်ပြသနိုင်ဖို့ ကမ္ဘာ့ Emoji နေ့မှာ Rakuten Viber က Message Reactions လုပ် ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။

ပေးပို့လာတဲ့ မက်ဆေ့ခ်ျအပေါ် ခံစားချက်ကို တုန့်ပြန်မှုပေးရန်အတွက် အသုံးပြုသူတွေဟာ မည်သည့်မက်ဆေ့ခ်ျမဆို ဘေးတွင်ရှိတဲ့ အသည်းပုံ သင်္ကေတကို အချိန်ကြာကြာ ဖိနှိပ်ပြီး မိမိရဲ့ ခံစားချက်နဲ့ သင့်လျော်တဲ့ ရယ်မောခြင်း(lol)၊ ထိတ်လန့်ခြင်း(shock)၊ ဝမ်းနည်းခြင်း(sad)၊ (သို့မဟုတ်) စိတ်ဆိုးခြင်း(Angry) စတဲ့ ခံစားချက် တုန့်ပြန်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မက်ဆေ့ချ်တွေရဲ့ တုန့်ပြန်မှုတွေကို ကြည့်ရှုဖို့အတွက် မက်ဆေ့ချ်ကို အချိန်ကြာကြာဖိနှိပ်၍ “Info” အား ရွေးချယ်ကာ အခြားလူများမှ ပေးပို့ထားတဲ့ မက်ဆေ့ချ်အပေါ် တုန့်ပြန်ထားသော ခံစားချက်တွေကို ကြည့်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Message Reactions လုပ်ဆောင် ချက်ကို လာမယ့် ရက်သတ္တပတ်အတွင်း iOS နဲ့ Android တို့မှာ စတင်အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

“Viber အနေနဲ့ အသုံးပြုသူတွေကို အတတ်နိုင်ဆုံး မှန်ကန်တဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်စေဖို့အတွက် အမြဲတမ်း အလေးထား လုပ်ဆောင်နေပါတယ်။ အခုလက်ရှိမှာ ပေးပို့လာတဲ့ မက်ဆေ့ချ်တွေကို အသည်းပုံ ဒါမှမဟုတ် Like လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေဟာ အသုံးပြုသူတွေအနေနဲ့ ပေးပို့လာတဲ့ မက်ဆေ့ချ်ကို ဖတ်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ထိထိမိမိ ဖော်ထုတ်နိုင်ဖို့ မလုံလောက်တော့ဘူးဆိုတာကို တွေ့ရှိလာတာကြောင့် ကျွန်တော်တို့အနေနဲ့ ပိုပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေရဲ့ စိတ်ခံစားချက်နဲ့ အနီးစပ်ဆုံး ကိုက်ညီမှုရှိနိုင်မယ့် Message Reactions ကို မိတ်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်” လို့ Rakuten Viber ရဲ့ CEO ဖြစ်သူ Djamel Agaoua ကပြောကြားခဲ့ပါတယ်။

-အောင်သူ