Viber မှ အသုံးဝင်မည့် ဝန်ဆောင်မှုများ ထည့်သွင်းရန်လုပ်ဆောင်သွားမည်

Rakuten Viber မှ အနာဂတ်တွင် မြန်မာနိုင်ငံအတွက် ၎င်းရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပြင် အခြား အသုံးဝင်မယ့် လုပ်ဆောင်ချက်တွေကို အက်ပလီကေးရှင်းအတွင်း ထည့်သွင်းလုပ်ဆောင်သွားမယ်လို့ Rakuten Viber ရဲ့ CEO ဖြစ်သူ Djamel Agaoua က မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“ဥပမာဆိုရင် Viber ကနေတစ်ဆင့် ပိုက်ဆံရှင်းလို့ရတာမျိုး၊ ဘဏ် apps တွေ သုံးစရာမလိုတော့အောင် ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ ဘဏ်ဝန်ဆောင်မှုတွေ၊ Delivery နဲ့ Taxi ဝန်ဆောင်မှုတွေကို အသုံးပြုဖို့အတွက် App တစ်ခုချင်းစီကို အရင် download လုပ်ရပါတယ်။ Viber အနေနဲ့ User ‌တွေ အဆင်ပြေစေဖို့ အတွက် အဲ့ဒီဝန်ဆောင်မှုအားလုံးကို Viber မှာ တစ်ခါတည်း ထည့်ပေးနိုင်ဖို့အတွက် အခြားကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်” လို့ Rakuten Viber ရဲ့ CEO ဖြစ်သူ Djamel Agaoua က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင် ရုရှား၊ ယူကရိန်းနဲ့ ဂရိစတဲ့ နိုင်ငံတွေမှာ အခြား Third Party ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ အငှားယာဉ် ဝန်ဆောင်မှု၊ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို Viber အက်ပလီကေးရှင်းကနေ ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရရှိနိုင်ဖို့အတွက် အခြား ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်နိုင်ဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

-ကျော်ဇေယျ