Viber တွင်အလိုအလျောက် မက်ဆေ့ချ်ပျောက်ကွယ်သည့် လုပ်ဆောင်ချက်ကိုထည့်သွင်း

မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်အောင် ပြုလုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို Viber ရဲ့ စာတိုပေးပို့မှု လုပ်ဆောင်ချက်တိုင်းမှာ အသုံးပြုနိုင်တော့မယ်လို့ Rakuten Viber မှ သိရပါတယ်။

ယခင်က လျှို့ဝှက်စာတိုပေးပို့မှု (Secret Chat) မှာသာ ရရှိခဲ့တဲ့ အဆိုပါလုပ်ဆောင်ချက်ကိုအသုံးပြုသူတွေအနေနဲ့ မိမိသတ်မှတ်လိုတဲ့ အချိန် (နာရီ၊ မိနစ်၊ စက္ကန့် သို့မဟုတ် နေ့ရက်) ကို သတ်မှတ်ပြီး စာသား၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ အခြားသောဖိုင်များအားလုံး ပေးပို့ရာမှာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့ သတ်မှတ်ထားလိုက်တဲ့အတွက် ပေးပို့ထားတဲ့ အကြောင်းအရာတွေကို စာလက်ခံသူ ကြည့်ရှုပြီး သတ်မှတ်ထားတဲ့အချိန် ကျော်လွန်သွားတာနဲ့ တစ်ပြိုင်နက် Viber မှ အလိုအလျောက် ဖျက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အလိုအလျောက် ပျောက်ကွယ်နိုင်သော မက်ဆေ့ချ် လုပ်ဆောင်ချက်အား အသုံးပြုနိုင်ရန် အတွက် Chat Box အောက်ခြေရှိ နာရီပုံစံအိုင်ကွန်ကိုနှိပ်၍ မက်ဆေ့ချ်ပျောက်ကွယ်စေလိုတဲ့ အချိန်ကို ရွေးချယ်ရမှာဖြစ်ပြီး စာလက်ခံမယ့်သူထံ မက်ဆေ့ချ်ရိုက်နှိပ်ကာ ပေးပို့ရမှာ ဖြစ်ပါတယ်။

“၂၀၁၇ ခုနှစ်မှာ Viber က လျှို့ဝှက်စာတိုပေးပို့မှု (Secret Chats) အတွေ့အကြုံတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စတင်မိတ်ဆက်ခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ လျှို့ဝှက်မှုကို ပိုမိုသေချာစေတဲ့ တိုင်းတာချက်ဖြစ်တဲ့ စာလက်ခံသူက ပျောက်ကွယ်သွားအောင် ပြုလုပ်ထားတဲ့မက်ဆေ့ချ်ကို screenshot ရိုက်တဲ့အခါ notification ပေးပို့ခြင်းကို ပုံမှန် chats များအတွက်ပါ ထည့်သွင်းသင့်တယ်လို့ ယုံကြည်လာခဲ့တယ်။ ဒီလုပ်ဆောင်ချက်က ကမ္ဘာပေါ်မှာ အလုံခြုံဆုံး စာတိုပေးပို့မှု ပလက်ဖောင်း အနေနဲ့ ကျွန်ုပ်တို့တွေအတွက် နောက်ထပ် ခြေလှမ်းတစ်ခုဖြစ်ပါတယ်” လို့ Viber ရဲ့ COO ဖြစ်သူ Ofir Eyal ကပြောကြားခဲ့ပါတယ်!!

-အောင်သူ

စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .