Unpacked ပွဲမှာ Samsung မိတ်ဆက်ခဲ့သမျှ ထုတ်ကုန်များ

Samsung ဟာ နှစ်စဉ် “Samsung Unpacked” အမည်ရ ပွဲကို ပြုလုပ်လေ့ရှိပါတယ်။ အဲဒီပွဲအတွက် မိုဘိုင်းလုပ်ငန်းရှင်တွေ၊ လေ့လာဆန်းစစ်သူတွေနဲ့ သတင်းထောက်ရာပေါင်းများစွာကို ဖိတ်ကြားလေ့ရှိပါတယ်။ Samsung ဟာ Unpacked ပွဲမှာ နောက်ဆုံးပေါ် flagship ထုတ်ကုန်တွေကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။ Samsung ဟာ ၂၀၂၀ ခုနှစ်အတွက် Unpacked ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်ပါတယ်။ ပွဲအတွင်း zoom အဆ ၁၀၀ အထိဆွဲနိုင်တဲ့ ကင်မရာပါဝင်တဲ့ ဒေါ်လာ ၁,၄၀၀ တန် ခေါက်စမတ်ဖုန်းကို ပြသခဲ့ပါတယ်။ Samsung က Unpacked ပွဲအတွင်း မိတ်ဆက်ခဲ့သမျှ ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Galaxy Z Flip

Samsung ရဲ့ Galaxy Z Flip ဟာ မိတ်မဆက်ခင်ကတည်းက ပေါက်ကြားထွက်ပေါ်မှုများစွာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် Samsung ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က အော်စကာပေးပွဲအတွင်း ကြော်ငြာတစ်ခုအဖြစ် ထုတ်ကုန်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ Samsung က ခေါက်စမတ်ဖုန်းကို တရားဝင် ထုတ်ဖော်ပြသလိုက်ပါတယ်။ Galaxy Z Flip ကို ဖေဖော်ဝါရီ ၁၄ ရက်မှာ စတင်တင်ပို့ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၁,၃၈၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy Z Flip ကိုဖြန့်လိုက်ရင် ၆.၇ လက်မအရွယ် မျက်နှာပြင် ရှိလာပါမယ်။ ဖုန်းကို ခေါက်ထားရင် အပြင်ဘက်မှာ အသေးစား display ကို မြင်တွေ့ရပြီး သတိပေးချက်တွေ၊ ဘက်ထရီပမာဏနဲ့ selfie ဓာတ်ပုံကို မြန်ဆန်စွာ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Samsung က Flex mode လို့ခေါ်တဲ့ laptop စတိုင် ဖုန်းကို ဖြန့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Samsung ရဲ့အစောပိုင်း ရှေ့ပြေးပုံစံ ခေါက်စမတ်ဖုန်းတွေက ဖုန်နဲ့ အမှိုက်သရိုက်တွေ၊ ပတ္တာတွေ ဝင်ရောက်တဲ့ ပြဿနာတွေနဲ့ နောက်ဘက်က မျက်နှာပြင်ကို ထိခိုက်တာလိုမျိုး ချို့ယွင်းချက်တွေ ရှိခဲ့ပါတယ်။ အဲဒီချို့ယွင်းချက်ကို ဖြေရှင်းဖို့ ဖုန်းရဲ့ ပတ္တာထဲမှာ ဖိုင်ဘာအလွှာတစ်ခုကို ထည့်သွင်းထားတယ်လို့ Samsung ကပြောခဲ့ပါတယ်။

Galaxy S20

Samsung ဟာ ၂၀၁၈ မှာ Galaxy S9၊ ၂၀၁၉ မှာ Galaxy S10 ကိုမိတ်ဆက်ခဲ့တယ်။ ၂၀၂၀ မှာတော့ Samsung က အစဉ်လိုက်ကိန်းဂဏန်းကိုကျော်လွန်ပြီး Galaxy S20 ကိုမိတ်ဆက်လိုက်ပါတယ်။ Samsung ဟာ Galaxy S20, S20+ နဲ့ S20 Ultra တို့ကို မိတ်ဆက်လိုက်ပြီး ၉၉၉ ဒေါ်လာ၊ ၁,၁၉၉ ဒေါ်လာနဲ့ ၁,၃၉၉ ဒေါ်လာနဲ့ အသီးသီးရောင်းချပါမယ်။ ဖုန်း ၃ မျိုးရဲ့ အရွယ်အစားတွေကတော့ S20 မှာ ၆.၂ လက်မ၊ S209+ မှာ ၆.၇လက်မနဲ့S20 Ultra မှာ ၆.၉ လက်မတို့ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ display ၃ ခုစလုံးမှာ 120Hz အသုံးပြုထားပါတယ်။ သုံးစွဲသူက Quad HD+ ကနေ 1080p အထိ ရုပ်ထွက်အရည်အသွေး လျှော့ချနိုင်ပါတယ်။ ဖုန်း ၃ မျိုးစလုံးမှာ 5G ထောက်ပံ့ထားပါတယ်။ Samsung ရဲ့အခြားစမတ်ဖုန်းတွေလိုမျိုးပဲ အခုဖုန်းတွေမှာ ကင်မရာပိုင်းကို အဓိကထား ဆောင်ရွက်ထားပါတယ်။

S20 မှာတော့ ကင်မရာ ၃ လုံးပါဝင်ပြီး64-megapixel telephoto lens တစ်ခုပါဝင်လာပါတယ်။ S20+ နဲ့S20 Ultra မှာတော့depth sensor အပါအဝင် ကင်မရာ ၄ လုံးပါဝင်တယ်။S20 Ultra မှာတော့wide angle lens ပေါ်မှာ အလွန်အားကောင်းတဲ့108-megapixel ကိုအသုံးပြုထားပါတယ်။ ကင်မရာ အချက်အလက်တွေက မော်ဒယ်တစ်ခုနဲ့ တစ်ခု အနည်းငယ်ကွဲခြားပါတယ်။ ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေက စိတ်ရှုပ်ထွေးနိုင်စရာ ဖြစ်နိုင်တာကြောင့် အောက်မှာ ဇယားကွက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

S20 နဲ့ S20+ မှာတော့ 30x “Space” (ဒီဂျစ်တယ်) zoom ထောက်ပံ့ထားပေမယ့် S20 Ultra မှာတော့ 100x အထိ ထောက်ပံ့ထားပါတယ်။ ဖုန်း ၃ မျိုးစလုံးက8K ဗီဒီယိုတွေရိုက်ကူးနိုင်ပါတယ်။Samsung က “Single Take” လို့ခေါ်တဲ့feature ကတော့ ဗီဒီယိုအတိုလေးကို ရိုက်ကူးနိုင်ပြီး boomrangs, loop လုပ်ထားတဲ့ ဗီဒီယိုနဲ့ AI အဆင့်မြှင့်ဓာတ်ပုံတွေအဖြစ်လည်း ရွေးချယ်နိုင်ပါတယ်။

ပျော်စရာအကောင်းဆုံး အချက်ကတော့ Samsung ဟာ Unpacked ပွဲကို S20 ဖုန်းတွေနဲ့ ရိုက်ကူးပြီး တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Samsung ဟာ ဖေဖော်ဝါရီလ ၂၁ရက်မှာ S20 ဖုန်းတွေအတွက် ကြိုတင်အမှာစာတွေ ကောက်ခံပြီး မတ်လ ၆ ရက်မှ တင်ပို့ရောင်းချပါမယ်။

Galaxy Buds+

Samsung ဟာ Apple AirPods ကိုယှဉ်ပြိုင်ဖို့ Galaxy Buds+ ကိုမိတ်ဆက်လိုက်ပါတယ်။ Galaxy Buds+ ဟာ မူလ Buds နဲ့ဒီဇိုင်းပိုင်း တူညီပါတယ်။ အသံအရည်အသွေးကလည်း ပိုမိုကောင်းမွန်လာပြီး driver တစ်ခုစနစ်ကနေ driver နှစ်ခုစနစ်ကို ပြောင်းလဲအသုံးပြုထားပါတယ်။ မိုက်ကရိုဖုန်းကလည်း ၃ ခုအထိ ပါဝင်လာပါတယ်။

Buds+ ကိုအားအပြည့်သွင်းပြီး အသုံးပြုရင် ၁၁ နာရီအထိ အသုံးပြုနိုင်မယ်လို့ Samsung ကပြောခဲ့ပါတယ်။ Buds+ မှာပါဝင်တဲ့ charging case ကလည်း နောက်ထပ် ၁၁ နာရီအသုံးပြုနိုင်အောင် အားသွင်းပေးနိုင်ပါတယ်။ Galaxy ဖုန်းပိုင်ဆိုင်သူက “PowerShare” feature ကနေ Buds+ ကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ Samsung ဟာ “PowerShare” feature ကို မနှစ်က မိတ်ဆက်ခဲ့တယ်။ ဖုန်းနဲ့ Buds+ case ကို ၃ မိနစ်- ၄ မိနစ်ကပ်ထားရင် အားအပြည့်သွင်းပေးနိုင်တယ်လို့ Samsung က ပြောကြားထားပါတယ်။

Buds+ ကို ၁၄၉ ဒေါ်လာနဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ တင်ပို့ရောင်းချဖွယ်ရှိပါတယ်။

-စိုးထက်
Ref: TechCrunch