Tweet တစ်ခုတွင် စာလုံးရေ ၂၈၀ အထိ ရေးသားနိုင်ရန် Twitter စမ်းသပ်နေ

လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက် Twitter ကိုသုံးစွဲသူတွေအနေနဲ့ လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ဖို့အတွက် စာလုံးရေကန့်သတ်ချက်ကို တိုးမြှင့်စမ်းသပ်နေပါတယ်။ လက်ရှိမှာ စာလုံးရေ ၁၄၀ ပဲရေးသားနိုင်တဲ့အတွက် စာလုံးရေ ၂၈၀ အထိ ရေးသားနိုင်ဖို့ Twitter က သုံးစွဲသူအနည်းငယ်မှာ စတင်စမ်းသပ်နေပါတယ်။

လက်ရှိ စာလုံးရေကန့်သတ်မှု အရေအတွက်က သုံးစွဲသူတစ်ချို့အတွက် စိတ်ပျက်စရာဖြစ်နေတယ်လို့ Twitter က blog post မှာရေးသားခဲ့ပါတယ်။

Twitter သုံးစွဲသူဦးရေဟာ တိုးတက်မှုနှေးကွေးနေတာကြောင့် အခုအပြောင်းအလဲက သုံးစွဲသူအသစ်တွေကို ဆွဲဆောင် သိမ်းသွင်းနိုင်ပါတယ်။

“Tweet တစ်ခုထဲမှာ သုံးစွဲသူတွေရဲ့ အတွေးတွေကို ထည့်သွင်းရတာ အလွန်ခက်ခဲပါတယ်” လို့ Twitter ထုတ်ကုန်မန်နေဂျာ အယ်လိုင်ဇာရိုဆန်က ရေးသားခဲ့ပါတယ်။

စာလုံးရေကန့်သတ်မှုကိုတိုးမြှင့်ပြီး စမ်းသပ်မှုကို ဘာသာစကားအားလုံးအတွက် စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်၊ တရုတ်နဲ့ ကိုရီးယားစတဲ့ ဘာသာစကားတွေကတော့ စာလုံးတစ်လုံးမှာ သတင်းအချက်အလက်များစွာ ပါဝင်တဲ့အတွက် စမ်းသပ်မှုမှာ ထည့်သွင်းမထားဘူးလို့ မစ္စက်ရိုဆန်က ပြောခဲ့ပါတယ်။

စိုးထက်
Ref: BBC