TrueMoney Wallet for Foreigners အက်ပလီကေးရှင်းတွင် မြန်မာဘာသာထည့်သွင်း

အရှေ့တောင်အာရှရဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်တဲ့ TrueMoney အနေနဲ့ ထိုင်းနိုင်ငံရှိ နိုင်ငံရပ်ခြား e-wallet အသုံးပြုသူကွန်ရက်အား ချဲ့ထွင်ရန် ရည်ရွယ်ချက်နဲ့ အတူ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံခြားသားတွေအတွက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေရန်၊ ငွေသားမဲ့ ငွေပေးချေမှုအတွေ့အကြုံများ ရရှိစေရန်အတွက် TrueMoney Wallet for Foreigners (နိုင်ငံခြားသားများအတွက် TrueMoney ပိုက်ဆံအိတ်) အား မိတ်ဆက်ခဲ့ပြီး TrueMoney Wallet Application မှာ ယခင် ပါဝင်ပြီးသားဖြစ်တဲ့ ထိုင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတို့ အပြင် မြန်မာဘာသာစကားကိုပါ ထည့်သွင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစကား ထည့်သွင်းလိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေ အနေနဲ့ application ထဲရှိ “In-app TrueMoney Transfer” လုပ်ဆောင်ချက်နဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းခ တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုအပ်ဘဲ လုံခြုံစိတ်ချစွာနဲ့ အလွယ်တကူ ငွေလွှဲပြောင်းနိုင်မှာဖြစ်ပါတယ်။ “ဒီနှစ် အစောပိုင်းမှာ နိုင်ငံခြားသားတွေအတွက် True Money Wallet ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့တဲ့ အခါမှာ COVID ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်အခြေအနေသစ်မှာ digital နည်းပညာဟာ အရင်ကထက် ပိုမို အရေးပါလာတဲ့ အချက်က ထိုင်းနိုင်ငံက ပြည်သူလူထုတွေ အတွက်သာမက ထိုင်းနိုင်ငံမှာ လာရောက် နေထိုင်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေ အပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီ ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့တဲ့ အချိန်ကစပြီး TrueMoney Wallet အက်ပလီကေးရှင်းကို အသုံးပြုတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ တောက်လျှောက် မြင့်မားလာခဲ့ပြီး အသုံးပြုသူ အရေအတွက်ဟာ ၃၀၀ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူမျိုး အသုံးပြုသူ အရေအတွက်က အခြားသောနိုင်ငံခြားသား အသုံးပြုသူ အရေအတွက်ထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီး ဇန်နဝါရီလကနေ မေလအတွင်းမှာ အသုံးပြုသူ အရေအတွက်ဟာ ၂၂၀ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ တီထွင်မှုတွေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေဟာ လူတိုင်းရဲ့ နေ့စဉ်ငွေေပေးချေမှုအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ် ဆိုတဲ့ အချက်ကို သိသာစေခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အနေနဲ့ TrueMoney ပိုက်ဆံအိတ်ဝန်ဆောင်မှုမှာ မြန်မာဘာသာစကားကိုပါ ထပ်မံ ထည့်သွင်းပေးခဲ့တဲ့အပြင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး အသုံးပြုသူတွေကို သူတို့ရဲ့နေရပ်၊ ဇာတိကို လွယ်ကူအဆင်ပြေစွာ ငွေလွှဲနိုင်ဖို့အတွက်လည်း In-App TrueMoney Transfer ဝန်ဆောင်မှုတွေကို ပေးအပ်ထားပါတယ်။ ဒီဝန်ဆောင်မှုက သုံးစွဲသူတွေအတွက် အချိန်ကုန်၊ ငွေကုန်သက်သာစေရုံသာမက လုံခြုံစိတ်ချရမှုကိုလည်း အပြည့်အဝ ရရှိစေမှာဖြစ်ပါတယ်” လို့ Ascend Money Company Limited ၏ Co-President ဖြစ်သူ Mr. Tanyapong Thamavaranukupt က ပြောပါတယ်။

“ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မိသားစုထံ ငွေလွှဲပို့နိုင်ဖို့ အတွက် ကျွန်မတို့ TrueMoney က ဝန်ဆောင်မှုပေးခဲ့ပြီး အခုလို COVID-19 ကပ်ရောဂါကျရောက်နေတဲ့ အချိန်မှာလည်း မြန်မာအလုပ်သမားများ မိသားစုထံ ငွေလွှဲပြောင်း ပေးပို့ရာမှာ အခက်အခဲမရှိအောင် ကျွန်မတို့ TrueMoney မှ မြန်မာဘာသာစကားနဲ့ အသုံးပြုနိုင်တဲ့ ငွေလွှဲစနစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ရွှေ့ပြောင်းလုပ်သားများ နိုင်ငံရပ်ခြားမှာ ကျွန်မတို့ရဲ့ မိခင်ဘာသာစကားနဲ့ အသုံးပြုနိုင်တဲ့ ပထမဦးဆုံးဝန်ဆောင်မှုကို ပေးနိုင်လို့လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ True Money ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားများအသုံးပြုတဲ့ True Money app ကို အသုံးပြုပြီး အခမဲ့ လွယ်ကူလုံခြုံစိတ်ချစွာ အချိန်နဲ့ တစ်ပြေးညီ မိမိနေအိမ်မှ မိသားစုထံသို့ ဖုန်းတစ်လုံးဖြင့် ငွေပေးပို့နိုင်ပြီ ဖြစ်ပါတယ်။ မြန်မာပြည်ရှိ မိသားစုများကလည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုကို ခေါ်ယူသုံးစွဲနိုင်ပါတယ်။ ကျွန်မတို့ True Money ဟာ မြန်မာနိုင်ငံရှိ Fintech ကုမ္ပဏီတွေထဲမှာ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ငွေလွှဲပမာဏ ကျပ်ငွေ ၁၆၀ ဘီလီယံခန့်ကို မြန်မာပြည်အတွင်းသို့ လွှဲပေးလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါက ကျွန်မတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံစီးပွားရေးနဲ့ ပြည်သူပြည်သားတွေအတွက် ပါဝင်ပံ့ပိုးကူညီမှုတစ်ခုဖြစ်တယ်” လို့ TrueMoney Myanmar ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဒေါ် ကြည်သာရိုမန်နက်က ပြောပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ True Money Wallet ဝန်ဆောင်မှုကို လျှောက်ထားရန်အတွက် လိုအပ်ချက်များအား www.truemoney.com/foreigner တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲခြင်းများအတွက် True Money ရဲ့ ဝန်ဆောင်မှု အသေးစိတ်ကို https://truemoneytransfer.truemoney.com/my/ မှာဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးအသုံးပြုသူတွေ အနေနဲ့ TrueMoney ရဲ့ Friend Gets Friend အစီအစဉ်မှာ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပြီး ပါဝင်ရန်အတွက် “TrueMoney Wallet For Foreigners” အကောင့်ကို လျှောက်ထားရမှာဖြစ်ကာ အခြားသူငယ်ချင်းတစ်ယောက်ကို ပါဝင်ရန် ဖိတ်ကြားပါက ဘတ် ၂၀ ရရှိမှာဖြစ်ပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««