TIO Networks အချက်အလက် ပေါက်ကြားမှုကြောင့် သုံးစွဲသူ ၁.၆ သန်း ထိခိုက်ခဲ့ကြောင်း PayPal ပြောကြား

မကြာသေးခင်က ဝယ်ယူထားတဲ့ TIO Networks ကနေ အချက်အလက်ပေါက်ကြားမှုကြောင့် သုံးစွဲသူ ၁.၆ သန်းရဲ့ တစ်ကိုယ်ရေ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ PayPal က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဂျစ်တယ်ငွေပေးချေမှုကုမ္ပဏီ PayPal ဟာ TIO Networks လုံခြုံရေးပေါက်ကြားမှု သက်သေတွေကို တွေ့ရှိအပြီးမှာ TIO လုပ်ငန်းပိုင်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ TIO Networks ဟာ အခြားကုမ္ပဏီတွေနဲ့ ဝန်ဆောင်မှုအတွက် ဒီဂျစ်တယ်ဘေလ်ပေးဆောင်မှု tool တွေကို ဖန်တီးပေးသလို လူတွေက စတိုးတွေမှာ ဘေလ်ပေးဆောင်နိုင်ဖို့အတွက် ကောင်တာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေအချက်အလက်တွေ ပေါက်ကြားခဲ့တယ်ဆိုပြီး TIO ရဲ့ကွန်ရက်မှာ ရှာဖွေတွေ့ရှိခဲ့မှုအပေါ် PayPal က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းအချက်အလက်တွေမှာ သုံးစွဲသူတွေရဲ့ အမည်၊ လိပ်စာ၊ လူမှုလုံခြုံရေးနံပါတ်နဲ့ login ကိုယ်ရေးအချက်အလက်တွေ ပါဝင်တယ်လို့ PayPal ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

TIO စနစ်တွေက PayPal ကွန်ရက်နဲ့ သီးခြားစီ ဖြစ်တဲ့အတွက် PayPal သုံးစွဲသူတွေကို မထိခိုက်ဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပါသေးတယ်။

PayPal က TIO Networks ကို ဒေါ်လာ ၂၃၈ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ TIO ရဲ့ငွေကြေးအခြေခံသုံးစွဲသူတွေက PayPal ရဲ့ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို ပိုမိုသုံးစွဲလာစေဖို့အတွက် ရည်ရွယ်ပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် PayPal ရဲ့သန်း ၂၀၀ နီးပါးရှိတဲ့ သုံးစွဲသူအရေအတွက်မှာ active user တွေ ပိုမိုရရှိလာနိုင်ပါတယ်။

လက်ရှိ TIO Networks မှာ ဘေလ်ပေးချေမှုဝန်ဆောင်မှုအမျိုးမျိုး၊ ဆက်သွယ်ရေး၊ ကေဘယ်နဲ့ ကြိုးမဲ့ဘေလ်တွေအတွက် အသုံးပြုနေတဲ့ သုံးစွဲသူ account ၁၄ သန်းခန့်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘေလ်ပေးချေမှုကို ဒေါ်လာ ၇ ဘီလျံကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့အခြေစိုက် ကုမ္ပဏီရဲ့ သုံးစွဲသူအများစုက အမေရိကန်နိုင်ငံမှာ ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET