TikTok- Oracle သဘောတူညီချက်ကို ထရမ့်ထောက်ခံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Oracle နဲ့ Walmart က TikTok အမေရိကန်လုပ်ငန်းကို ဝယ်ယူမယ့် သဘောတူညီမှုအပေါ် ထောက်ခံလိုက်ပါတယ်။ TikTok ကို တနင်္ဂနွေမှာ ပိတ်ပင်မယ့် အစီအစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

Oracle ဟာ TikTok Global ကုမ္ပဏီသစ်က ရှယ်ယာ ၁၂.၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး Walmart ကတော့ ၇.၅ ရာခိုင်နှုန်းရရှိပါမယ်။ TikTok Global ဟာ အမေရိကန်မှာပဲ အခြေစိုက်ပြီး အမေရိကန်သုံးစွဲသူနဲ့ တစ်ကမ္ဘာလုံးက သုံးစွဲသူအများစုအတွက် ထောက်ပံ့သွားပါမယ်။ TikTok Global ရဲ့ ဘုတ်အဖွဲ့ဝင် ၅ ဦးထဲက ၄ ဦးက အမေရိကန်ဖြစ်ပါမယ်။ Oracle ကတော့ လုံခြုံတဲ့ cloud ဝန်ဆောင်မှု ထောက်ပံ့ပြီး တရုတ်ပိုင် app နဲ့ ပတ်သက်တဲ့ နိုင်ငံတော်လုံခြုံရေးအပေါ် စိုးရိမ်မှုကို ဖြေလျှော့ပေးပါမယ်။

“ကုမ္ပဏီ ၂ ခုစလုံးက TikTok Global IPO မတိုင်မီ ဘဏ္ဍာရေးထောက်ပံ့မှု အဆင့်မှာ ပါဝင်ပြီး ကုမ္ပဏီအတွင်းက ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်လာပါမယ်။ ကျွန်တော်တို့က TikTok Global ဌာနချုပ်ကို ထိန်းသိမ်း၊ တိုးချဲ့ပြီး နိုင်ငံအတွင်း အလုပ်အကိုင် ၂၅,၀၀၀ ဖန်တီးနိုင်ပါမယ်” လို့ TikTok ကပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««