TikTok မိခင်ကုမ္ပဏီက ထုတ်လုပ်တဲ့ Smartisan Nut Pro 3

TikTok ဟာ နာမည်ကျော်ကြားတဲ့ ဗီဒီယိုဖန်တီး ဝေမျှတဲ့ platform ဖြစ်ပြီး ဆယ်ကျော်သက်နဲ့ လူငယ်တွေအကြား ရေပန်းစားပါတယ်။ အခုဆိုရင် TikTok မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။

ByteDance အနေနဲ့ Smartisan Nut Pro 3 ကိုထုတ်လုပ်ဖို့ Smartisan ကနေ မူပိုင်ခွင့်တချို့ ဝယ်ယူခဲ့ပါတယ်။ Nut Pro 3 မှာ Qualcomm ရဲ့ Snapdragon 855+ chipset , RAM 8GB နဲ့ 12GB အပြင် storage 128GB ဒါမှမဟုတ် 256GB ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၃၉ လက်မ AMOLED display နဲ့အတူ Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ ရေစက်ပုံစံ notch အသေးစား ပါဝင်လာပါတယ်။

ဖုန်းဘက်ထရီကတော့ 4,000mAh ဖြစ်ပါတယ်။ ကင်မရာ ၄ လုံး (wide+ tele+ ultra-wide+ macro) နဲ့ဖြစ်ပြီး Android အခြေခံ Smartisan OS 7.0 ကိုအသုံးပြုထားပါတယ်။ Smartisan ဖုန်းသစ်ကို အဖြူနဲ့ အစိမ်း အရောင်နှစ်မျိုး ထုတ်လုပ်ထားပြီး အရောင်အလိုက် ကင်မရာ ဒီဇိုင်းပိုင်းကို အပြောင်းအလဲ ပြုလုပ်ထားပါတယ်။

Nut Pro 3 ဖုန်းရဲ့ 8GB/128GB မော်ဒယ်ကို ၄၁၂ ဒေါ်လာနဲ့ရောင်းချမှာဖြစ်ပြီး Apple ရဲ့ iPhone 4 မှာ အသုံးပြုထားတဲ့ မူလ glass sandwich ကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ သတ္တုကိုယ်ထည်ဘေးဘက်တွေက ပြန့်ပြူးညီညာပြီး ကျောဘက်မှာ မှန်ထည်ကိုအသုံးပြုထားပါတယ်။

အခုဖုန်းဟာ TikTok ဖုန်းမဟုတ်ဘူးလို့ ByteDance ကကြေညာထားပါတယ်။ Smartisan Nut Pro 3 မှာ ကင်မရာလုပ်ဆောင်ချက် အမျိုးမျိုးနဲ့ စွမ်းဆောင်ရည်မြင့် chipset တို့ပါဝင်လာတဲ့အတွက် TikTok သုံးစွဲသူတွေက tool များစွာကို အသုံးပြုပြီး ဗီဒီယိုတွေ ဖန်တီးနိုင်ပါတယ်။

စိုးထက်
Ref: GSMArena