
Walt Disney ရဲ့ထိပ်တန်း streaming အမှုဆောင်ဖြစ်သူ ကီဗင်မေရာဟာ ရာထူးကနေ တနင်္လာနေ့က နုတ်ထွက်ခဲ့ပြီး TikTok စီအီးအို ဖြစ်လာပါတယ်။ TikTok ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း အသုံးပြုမှု အလွန်မြင့်တက်လာပြီး ဗီဒီယိုအတိုလေးတွေ ဖန်တီးနိုင်တဲ့ app ဖြစ်တယ်။
အသက် ၅၈ နှစ်အရွယ် မစ္စတာမေရာက TikTok မိခင်ကုမ္ပဏီ ByteDance အတွက် အမှုဆောင်အကြီးအကဲအရာရှိ အဖြစ်လည်း လုပ်ကိုင်မယ်လို့ သိရပါတယ်။ “Disney မှာ လုပ်ရတဲ့အတွက် ကျွန်တော် ပျော်ရွှင်ရပါတယ်။ အခုလို ကြီးမားတဲ့အခွင့်အရေးကိုတော့ ကျွန်တော်မပယ်နိုင်ပါဘူး” လို့ မစ္စတာမေရာကပြောခဲ့ပါတယ်။ ကုမ္ပဏီသစ်မှာ gaming နဲ့ ဂီတပိုင်းကို တိုးချဲ့လိုတယ်လို့ ပြောထားပါတယ်။
ကမ္ဘာတစ်ဝန်း TikTok app ကို download ပြုလုပ်မှု ၁.၉ ဘီလျံ ရှိပါတယ်။ ကပ်ရောဂါအတွင်းမှာ TikTok သုံးစွဲမှု အလွန်အမင်း မြင့်တက်လာပါတယ်။ ဒီနှစ်ပထမသုံးလပတ်အတွင်း TikTok ကို download ပြုလုပ်တဲ့ အကြိမ်ရေက အခြား app တွေထက် သာလွန်ပြီး အကြိမ်အရေအတွက် ၃၀၇ သန်း ရှိတယ်လို့ app အချက်အလက် စုဆောင်းတဲ့ Sensor Tower က ဖော်ပြခဲ့ပါတယ်။
စိုးထက်
Ref: TheNewYorkTimes