TikTok ကို download ပြုလုပ်တဲ့အကြိမ်ရေ ၁.၅ ဘီလျံကျော်လွန်

TikTok ကို App Store နဲ့ Google Play ပေါ်မှာ ကမ္ဘာတစ်ဝန်းက download ပြုလုပ်တဲ့အကြိမ်ရေ ၁.၅ ဘီလျံ ကျော်လွန်သွားပြီလို့ မိုဘိုင်းအချက်အလက် စုဆောင်းတဲ့ Sensor Tower ကထုတ်ပြန်ခဲ့ပါတယ်။

လူမှုရေးမီဒီယာ app ဖြစ်တဲ့ TikTok ဟာ တစ်နှစ်အတွင်း gaming app မဟုတ်ဘဲ တတိယအများဆုံး download အပြုလုပ်အခံရဆုံး app ဖြစ်ပါတယ်။ အဲဒီစာရင်းရဲ့ နံပါတ် (၁) နေရာကို WhatsApp နဲ့ နံပါတ် (၂) နေရာကို Messenger တို့ကရယူထားပါတယ်။ Facebook နဲ့ Instagram တို့က နံပါတ် (၄) နဲ့ (၅) နေရာမှာ ရပ်တည်နေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားတယ်။

၂၀၁၉ ခုနှစ်အတွင်း TikTok ကို download ပြုလုပ်မှုအကြိမ်ရေ ၆၁၄ သန်းရှိတဲ့အတွက် မနှစ်ကထက် ၆ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ TikTok ကို download ပြုလုပ်တဲ့အကြိမ်ရေ ၁ ဘီလျံ ကျော်လွန်ခဲ့ပါတယ်။

App Store နဲ့ Google Play မှာ TikTok ကို download ပြုလုပ်မှုနှုန်း အကြိမ်ရေ ၄၆၆ သန်းနဲ့ ကမ္ဘာတစ်ဝန်း download ပြုလုပ်မှုမှာ အိန္ဒိယက ဦးဆောင်နေပါတယ်။ တရုတ်ကတော့ download ပြုလုပ်မှု ၁၇၃ သန်း ရှိပေမယ့် အခြား Android store တွေကနေ install ပြုလုပ်မှုတွေ ထည့်သွင်းရေတွက်ထားခြင်းမရှိဘူးလို့ Sensor Tower ကပြောထားပါတယ်။ အမေရိကန်ကတော့ download ပြုလုပ်မှု ၁၂၃ သန်းကျော်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

စိုးထက်
Ref: CNET