TikTok ကိုဝယ်ယူဖို့ Microsoft နဲ့ Walmart ပူးပေါင်း

အမေရိကန်လက်လီစတိုး ကုမ္ပဏီကြီး Walmart ဟာ Tiktok အမေရိကန်လုပ်ငန်းကို ဝယ်ယူဖို့ Microsoft နဲ့ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ပိုင် TikTok app ဟာ Walmart လုပ်ငန်းကို အကူအညီပေးနိုင်မယ်လို့ ကုမ္ပဏီက BBC ကို ပြောထားပါတယ်။ TikTok အနေနဲ့ အမေရိကန်လုပ်ငန်းကို အမေရိကန်ကုမ္ပဏီဆီ ရောင်းချဖို့ ရက် ၉၀ အချိန်ရပါတယ်။ အဲဒီ ကာလအတွင်း မရောင်းချနိုင်ရင် အမေရိကန်မှာ ပိတ်ပင်ခံရမှာပါ။ သမ္မတဒေါ်နယ်ထရမ့်ကတော့ TikTok ဟာ ဘေကျင်းအစိုးရနဲ့ သုံးစွဲသူ အချက်အလက်တွေ ဝေမျှနေတယ်လို့ စွပ်စွဲထားပါတယ်။ TikTok ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

TikTok စီအီးအို ကယ်ဗင်မေရာကလည်း အလုပ်လက်ခံပြီး ၄ လ မကြာသေးခင်မှာပဲ နုတ်ထွက်သွားပါတယ်။ Walmart အနေနဲ့ TikTok ကိုဝယ်ယူဖို့ လုပ်ဆောင်နေတဲ့အကြောင်း BBC ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ Walmart နဲ့ Microsoft ပူးပေါင်းမှုက အမေရိကန်အစိုးရ စည်းမျဉ်းရေးဆွဲသူတွေရဲ့ စိုးရိမ်မှုကို စိတ်ကျေနပ်အောင် လုပ်ပေးပြီး အမေရိကန် TikTok သုံးစွဲသူမျှော်မှန်းချက်နဲ့ ကိုက်ညီအောင် ပြုလုပ်ပေးဖို့ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

သတင်းတွေအရ TikTok ရဲ့အမေရိကန်လုပ်ငန်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀ ဘီလျံအထိ ရှိလာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««