ဘဏ္ဍာရေးနည်းပညာဆိုင်ရာကုမ္ပဏီ ThitsaWorks တွင် BOD Tech Ventures မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်

မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရှိ နည်းပညာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ BOD Tech Ventures အနေနဲ့ ဘဏ္ဍာရေး နည်းပညာ ဆိုင်ရာကုမ္ပဏီဖြစ်တဲ့ ThitsaWorks မှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှာ ThitsaWorks ရဲ့ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံးပါဝင်တဲ့ ငွေရေးကြေးရေးစနစ် ဖြစ်ပေါ်နိုင်ရေးတို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့မှာ များစွာ အထောက်အကူ ပြုမယ်လို့ သိရပါတယ်။

“ThitsaWorks မှာ ရင်းနှီးမြှုပ်နှံရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ဒစ်ဂျစ်တယ် ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေဖို့ ThitsaWorks က အရှိန်အဟုန် မြှင့်တင်ပေးနိုင်ပြီး ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံရှိ ပြည်သူတွေ၊ နိုင်ငံရဲ့ ငွေရေးကြေးရေးစနစ်မှာ ပါဝင်လာနိုင်ရေး အကျိုးပြုမယ်လို့ ယုံကြည်ကြောင်း” BOD Tech Ventures ရဲ့ CEO နဲ့ Chief Investment Officer John Kaaiohelo က ပြောပါတယ်။

ThitsaWork ရဲ့ ဝန်ဆောင်မှုတွေကို ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်းများနဲ့ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၇၀ ကျော်က အသုံးပြုနေပြီး ငွေချေးသူပေါင်း ၂.၅ သန်းကို အကျိုးပြုနေကြောင်း BOD Tech Ventures ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ThitsaWork အနေနဲ့ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွေနဲ့ အလှမ်းဝေးနေသော မြန်မာနိုင်ငံရှိ မိသားစုသန်းပေါင်းများစွာကို ချေးငွေများ လက်လှမ်းမီနိုင်ရန် ပိုမို ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ သိရပါတယ်။

BOD Tech Ventures ကို ThitsaWorks ရဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် လက်ခံရခြင်းအတွက် အလွန်ဝမ်းမြောက်ပါကြောင်း၊ COVID-19 ကာလအတွင်း ဒစ်ဂျစ်တယ် ပြောင်းလဲမှုတွေက မြန်မာနိုင်ငံရှိ MFI တွေရဲ့ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် များစွာကူညီပေးနိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ BOD Tech Ventures ရဲ့ အထောက်အပံ့နဲ့အတူ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ချဲ့ထွင်ပြီး မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးစနစ်မှာ ပြည်သူများ ပိုမိုပါဝင်လာနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ThitsaWorks ရဲ့ CEO ဦးညီငြိမ်းအေးက ပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««